ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နဲ့ ညောင်ရွှေနယ်စပ် ဆောင်နန်းခဲရွာအနီး မေလ ၁၅ ရက် မနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူး တယောက်အပါအဝင် ၄ ယောက် သေဆုံးပြီး PDF ဘက်က စခန်းမှူးတယောက် ကျဆုံးသွားခဲ့တယ်လို့ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။
ဖယ်ခုံအင်းအရှေ့ခြမ်း ညောင်ရွှေမြို့နယ် တောင်ပို့ကွဲရွာဘက်ကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့က ဆောင်နန်းခဲရွာအနီး တိုက်ခိုက်ခဲ့ရာက တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်မှူး ၁ ယောက်အပါအဝင် ၄ ယောက် သေဆုံးပြီး တပ်ရင်း ၁၀၀၈ ရဲ့ စခန်းမှူး ချစ်ကောင်း ကျဆုံးပြီး တယောက်က ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့အထိနာခဲ့လို့ ဖယ်ခုံအခြေစိုက် စစ်တပ်က လက်နက်ကြီး ပစ်ကူပေးခဲ့တဲ့အပြင် တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတာ ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဖယ်ခုံ PDF ကဆိုပါတယ်။
တိုက်ပွဲကြောင့် တောင်ပို့ကွဲကျေးရွာ အပါအဝင် ဟိုပန်၊ လင်လန်၊ တောင်ပို့ကြီး ၊ နားဟီး၊ နားကုံး၊ နမ့်တုတ်၊ မတ်ဆုမ့်ခွန်၊ လွိုင်နွဲ့ အစရှိတဲ့ကျေးရွာတွေက ဒေသခံတွေဟာ အိမ်မှာမနေရဲဘဲ ဘုန်ကြီး ကျောင်းတွေမှာ သွားရောက်ခိုလှုံ နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တချို့ရွာကျတော့ စစ်တပ်ကရွာထိပ်မှာပိတ်ထားပြီး ဘယ်မှပေးမသွားလာခွင့်မပြုသလို ဖုန်းလိုင်းတွေကိုလည်း ဖြတ်တောက်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၁၂ ရက် ညောင်ရွှေမြို့နယ် ထီရိရွာကင်းစခန်း တိုက်ခိုက်ခံရမှုမှာတော့ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းပြည်သူ့စစ် PNO အဖွဲ့မှ ၁၅ ဦး သေဆုံးခဲ့ပြီး ၅ ဦးဖမ်းဆီးရမိထားကြောင်း ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက သတင်းထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲဖြစ်ပြီးနောက်ရက်ဆက်ဆိုသလို အဲဒီဒေသဝိုက် တိုက်ပွဲဖြစ်ပွားနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ဒီနေ့မှာလည်း တိုက်ပွဲတွေ ပြင်းထန်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဘေးကင်းရာမှာ နေထိုင်ကြဖို့ ဒေသခံ PDF က သတိပေးထားပါတယ်။