စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရွှေသိမ်တော်ကျေးရွာကို စစ်ကောင်စီတပ်က မေ ၁၅ ရက်နေ့ မနက် ၁၁ ကျော်လောက်က စတင်ပြီး မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“သူတို့က မြို့သစ်ဘက်ကနေကံ ကြီးကုန်းရွာ နဲ့ ရွှေယမင်းရွာကို ဝင်မွှေခဲ့ပြီး လက်ရှိ ရွှေသိမ်တော်ရွာကို မီးရှို့နေတာတွေ လုပ်ဆောင်နေပါတယ်ရှင့်။ ကျမတို့ ခင်ဦးအနောက်ခြမ်းက ပြည်သူတွေကတော့ ဒီလတလလုံး ရွာကို မနေရဘူး၊ နေ့စဉ်ထွက်ပြေးနေရတယ်။ ရွာကိုဘာကြောင့် မီးရှို့တာလဲတော့ မပြောတတ်ဘူးရှင်။ သူတို့ ရှို့ချင်လို့ကို ရှို့နေကြတယ်လိုပဲ ထင်တယ်။ ရွာအနီးတိုက်ပွဲဖြစ်လည်း ရှိတယ်၊ တိုက်ပွဲမဖြစ်လည်း ရှို့တာပဲ။ ကျမအမြင်ပြောရရင် သူတို့တိုက်ချင်ရင် PDF ကို တွေ့အောင်ရှာတိုက်ပေါ့။ အခုဟာက ရွာတွေကိုပဲ မီးရှို့နေတာ သူတို့အတွက် ဘာအကျိုးထူမမှာလဲ။ ကျမတို့ဒေသခံတွေကတော့ ဒီနေ့အိမ်ကို မီးရှို့ရင် မနက်ဖြန် PDF အဖြစ် ပြောင်းသွားမယ်။” လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ်အတွင်းကို စစ်ကြောင်းနှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး ကျေရွာနေ ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် ရွှေသိမ်တော်ကျေးရွာ မီးရှို့ခံရတာကြောင့် နေအိမ်ဘယ်နှလုံး ဆုံးရှုံးတယ်ဆိုတာ မသိရသေးပါဘူး၊
ပြီးခဲ့မေလ ၁၄ ရက်နေ့ကလည်း မြို့သစ်ရွာကို ဝင်ရောက်မွှေနောက်တာတွေပြုလုပ်ခဲ့ကာ အပြစ်မဲ့ အသက် ၅၀ ကျော် အမျိုးသားတဦးကို ပစ်သတ်ခဲ့ပြီး ဘုန်တော်ကြီးတပါးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ်ဖေဖော်ကစပြီး အခုနှစ်ဧပြီ ၃၀ ရက်အထိ နိုင်ငံတဝန်း နေရာပေါင်း ၂၉၆ နေရာလောက်မှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေက မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ပေါင်း ခန့်မှန်းခြေ ၁၁,၄၁၇ လုံးရှိပြီး အဲဒီထဲမှာ စစ်ကိုင်းတိုင်းက ၇၅၀၀ ကျော်နဲ့ အများဆုံးဖြစ်တယ်လို့ Data for Myanmar က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကျေးရွာတွေကို မီးရှို့ ဖျက်ဆီးတာဟာ သူတို့ရဲ့ လက်ချက်မဟုတ်ဘူးလို့ ငြင်းဆန်လေ့ရှိပါတယ်။