စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြောက်ခြမ်းက မဒေါင်းလှပျူရွာက ပျူစောထီးတွေဟာ စက်တင်ဘာ ၁၇ ရက် မနက်ပိုင်းက စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ ဒေသခံတွေဆီကနေသိရပါတယ်။
မဒေါင်းလှကျေးရွာက ဒေသခံတွေဟာ စစ်တပ်ထောက်ခံပြီး ကျေးရွာအတွင်း စစ်သားတွေ အထိုင်ချ တပ်စွဲနေတာ ၃ နှစ်ရှိပြီလို့ သိရပါတယ်။
ခင်ဦးဒေသခံတယောက်က “စက်တင်ဘာ ၁၇ ရက်နေ့ မနက်ခင်းပိုင်းက ကန့်ဘလူနယ်ဘက်ကို အထွက်ပြတယ်။ ကန့်ဘလူဘက်ခြမ်းက ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း ၃၊ တပ်ရင်း ၄ နဲ့ တိုက်ပွဲဖြစ်သေးတယ်။ အဲဒီဘက်ကနေ ကန့်ဘလူ၊ ဇီးကုန်း သကြားစက်ဘက်ကို ဆုတ်ပြီး စခန်းပေါင်းသွားတယ်။ ရွာကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ပွဲမဖြစ်ဘဲ သိမ်းနိုင်ခဲ့တာ” လို့ ပြောပါတယ်။
မဒေါင်းလှကျေးရွာကို သြဂုတ် ၃၁ ရက်က ရွှေဘိုခရိုင်စစ်ဒေသရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ရဲ့ တပ်ရင်းများ၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပကဖများနဲ့ တခြား ခရိုင်၊ မြို့နယ် နီးစပ်ရာ မိတ်ဖက် ကာကွယ်ရေးတပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
ခင်ဦး သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူက “စခန်းစွန့် ပြေးတာကို ကျနော်တို့ဘက်က စက်တင်ဘာ ၁၈ ရက်နေ့ မနက်ခင်းပိုင်း ၈ နာရီလောက်မှ သိရတာ။ ရွာထဲ ရှင်းလင်းရေးဝင်တော့ နင်းမိုင်းတွေ ထောင်ထားခဲ့လို့ ရဲဘော် ၂ ဦး နင်းမိုင်းမိသေးတယ်။ ရွာထဲမှာတော့ အနီးပတ်ဝန်းကျင်က လုယက် ဓားပြတိုက်ထားတဲ့ ကျွဲ၊ နွား၊ ဆိတ်နဲ့ လယ်ယာသုံးစက်ပစ္စည်းတွေကို သိမ်းဆည်းရမိတယ်။ ကျနော်တို့ သိမ်းဆည်းရရှိထားတဲ့ ပစ္စည်းအားလုံးကို မူရင်းပိုင်ရှင်တွေဆီ ပြန်လည်ပေးအပ်သွားမယ်” လို့ DVB ကို ပြောပါတယ်။
ခင်ဦးမြို့နယ်မှာ ပျဉ်ထောင်ရွာ၊ မကျည်းတုံရွာ၊ မဒေါင်းလှရွာ စတဲ့ ကျေးရွာ ၃ ရွာရှိပြီး မဒေါင်းလှပျူရွာက ပျူစောထီးတွေကတော့ ကန့်ဘလူမြို့နယ် ဇီးကုန်းရွာ သကြားစက်ကို ပူးပေါင်းသွားတာကြောင့် ပျဉ်ထောင်ရွာနဲ့ မကျည်းတုံရွာပဲ ကျန်တော့တယ်လို့ သိရပါတယ်။
မဒေါင်းလှပျူရွာက ပျူစောထီးနဲ့ စစ်သားတွေဟာ စက်တင်ဘာ ၂ ရက်က စတင်ကာ စက်တင်ဘာ ၁၅ ရက်အထိ ငကြိုင်း၊ အင်ကြင်းပင်၊ တဲကြီး၊ ဖန်းခါးကုန်း၊ စောကြီး၊ ပေါက်တော၊ ဆီဆုံလေး၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ ဆီပုတ္တရာ၊ မဒေါင်းကြီး စတဲ့ကျေးရွာ ၁၃ ရွာက အိမ်ခြေ ၅၀၀ ကျော်ကို စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။