ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ စစ်ကောင်စီစစ်ရေးဂိတ် ဗထူးတပ်အဝင် မင်းကြီးသုံးပါးဂိတ်မှာ မေလ ၁၃ ရက် မွန်းလွဲပိုင်းလောက်က သေနတ် အလက် ၅၀ နဲ့ လက်နက် ခဲယမ်းအများ အပြားတင်ဆောင်လာတဲ့ Canter ကားတစ်စီးနဲ့အတူ လူငယ်၂ ယောက် ဖမ်းဆီးခံရပါတယ်။
ရပ်စောက်မြို့ဒေသခံတစ်ဦးက " သတင်းကြိုရထားလို့ ထင်တယ် ပြီးခဲ့တဲ့ ၃ ရက်လောက်ကတည်းက အစစ်အဆေးကြမ်းနေတာ။ လာသမျှကားနဲ့ ဆိုင်ကယ်တွေကို တားပြီး မွှေနှောက် စစ်နေတာ။ အခုလည်းကားကိုတားပြီး မွှေနှောက်စစ်လို့ မိသွားတာနေမှာပေါ့။ ကောင်လေး နှစ်ယောက်က ထွက်ပြေးပြီး လမ်းဘေးမှာရှိတဲ့ ဆိုင်ကယ် ပြင်ဆိုင်က ဆိုင်ကယ်ကို မောင်းပြေးတော့ သူခိုးဆိုပြီးလူတွေက ဝိုင်းဖမ်းလိုက်ကြတာ။ စစ်သားနဲ့ ရဲတွေက သေနတ်နဲ့ ပစ်ဖမ်းဖို့ လုပ်သေးတယ် လူတွေက အရမ်းများနေလို့ လေးခွနဲ့ ပစ်ပြီးဖမ်းသွားတယ်”လို့ ဒီဗွီဘီ ကိုပြောပါတယ်။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်နှစ်ယောက်ဟာ ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာ မသိရသေးသလို ဘယ်ကို ဖမ်းဆီးသွားတယ်ဆိုတာလည်း မသိရသေးပါဘူး။
ရပ်စောက်မြို့ဟာ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြောက်ပိုင်းကို ချိတ်ဆက်ထားတဲ့ မြို့ဖြစ်ပြီး စစ်ဆေးရေးဂိတ်တွေများပြားသလို စစ်တပ်ထိန်းချုပ်ထားတဲ့ မြို့တမြို့ပါ။ ရပ်စောက်မြို့မှာ မင်းကြီးသုံးပါး စစ်ဆေးရေးဂိတ်ဟာလည်း ၂၄ နာရီ လုံခြုံရေး ချထားတဲ့ ဂိတ်ဖြစ်ပါတယ်။