ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မြို့မရပ်ကွက်က လျှပ်စစ်ရုံးမှာ မေ ၁၃ ရက် မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက "မနက် ၄ နာရီလောက်က ဗုံးပေါက်တာ တမြို့လုံးကြားရတယ်။ အကျယ်ကြီးပဲ။ ဗုံးပေါက်ပြီး သေနတ်သံတွေပါ ကြားရတယ်။ လျှပ်စစ်ရုံးက ဝန်ထမ်းတွေက မီတာခ အတင်းလိုက်ကောက်တယ်။ မပေးရင် မီးဖြတ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိခဲ့တယ်။ အဲ့ဒါကြောင့် ဗုံးဖောက်တာ ဖြစ်နိုင်တယ်။ ဘယ်သူဖောက်ခွဲလဲတော့ မသိဘူး" လို့ ပြောပါတယ်။
ဖောက်ခံမှုကြောင့် ထိခိုက်ဒဏ်ရာရနဲ့ ပျက်စီးတာမျိုး မရှိတာကြောင့် အသံဗုံးဖောက်ခွဲ သတိပေးတာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မိုးညှင်း လျှပ်စစ်ရုံးက ဝန်ထမ်းတွေဟာ မေလဆန်းပိုင်းက စတင်ပြီး သုံးရက်အတွင်း မီတာမပေးဆောင်ပါက မီးဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ ဆိုပါတယ်။
မိုးညှင်းမြို့နယ် နန်းမားမြို့က လျှပ်စစ်ဓာတ်အားပေးရုံးမှာလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အအုံ ပျက်စီးခဲ့ပါသေးတယ်။