ကချင်ပြည်နယ် ရွှေကူမြို့နယ် ဧရာဝတီမြစ်ရိုးတလျှောက်က တရားမဝင် ရွှေတူးဖော်နေကြတဲ့ ရွှေဖောင်များ ၂၄ နာရီအတွင်း ထွက်ခွာသွားကြဖို့နဲ့ မလိုက်နာပါက ပစ်ခတ် ရှင်းလင်းသွားမယ်လို့ မြို့လှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KPDF) က ဒီနေ့ရက်စွဲနဲ့ သတိပေးထုတ်ပြန်ပါတယ်။
မြစ်ရိုးတလျှောက်က ရွှေတူးဖော်မှုတွေဟာ သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်ပျက်စီး နေတဲ့အပေါ် ဒေသခံပြည်သူတွေ စိုးရိမ်တကြီးတင်ပြ အကူအညီတောင်းခံလာတဲ့အတွက် အခုလို သတိပေးချက် ထုတ်ပြန်ရတာလို့ ပါရှိပါတယ်။
ပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုကို အမှန်တကယ် ခံစားနားလည်ပြီး ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေးရှုကာ ဧရာဝတီမြစ်အတွင်း လုပ်ဆောင်လျက်ရှိနေတဲ့ ရွှေဖောင်တွေ အမြန်ဆုံး ရုတ်သိမ်းပေးနိုင်ဖို့ ဦးစွာအသိပေးတောင်းဆိုတယ်လို့ ဆိုပါတယ်။
ရွှေဖောင်အားလုံး သတိပေးထုတ်ပြန်ချက် ထုတ်ပြန်ပြီး ၂၄ နာရီအတွင်း အပြီးအပိုင် ထွက်ခွာဖို့ နဲ့ သတိပေးထုတ်ပြန်ချက်ကို မလိုက်နာတဲ့ ရွှေဖောင်လုပ်ဆောင်နေသူတွေကို သဘာဝ ပတ်ဝန်းကျင်ဖျက်ဆီးနေသူတွေ၊ အများပြည်သူတွေရဲ့အကျိုးစီးပွားကို ဆုတ်ယုတ်စေသူတွေ အဖြစ် သတ်မှတ်ပြီး ပစ်ခတ်ရှင်းလင်းသွားမယ်လို့ မြို့လှ PDF က သတိပေးထားပါတယ်။
ရွှေကူမြို့နယ်အတွင်း မြစ်ရိုးတလျှောက် ရွှေဖောင်ဖွဲ့ ရွှေတူးဖော်မှုဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာလက စတင်တူးဖော်ခဲ့ကြတာဖြစ်ပြီး အစီးရေ ရာချီရှိတယ်လို့ သိရပါတယ်။