Home
မြန်မာသတင်း
ပျူစောထီးရန်ကြောက်၍ တိမ်းရှောင်နေရသည့် ပန္ဒလဲကျေးရွာမှ ပြည်သူများ နေရပ်မပြန်နိုင်သေး
DVB
·
May 12, 2022
Pandalell village

စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုအပြီး ရွာလုံးကျွတ် နေအိမ်စွန့်ခွာ တိမ်းရှောင်နေကြရတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာက ပြည်သူတွေ လက်ရှိအချိန်ထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။

စွန်ရဲအမည်ခံ ပျူစောထီးအဖွဲ့ဝင်တွေဟာ လောင်းလုံးမြို့နယ်၊ ပန္ဒလဲကျေးရွာအတွင်း ကျေးရွာရပ်မိရပ်ဖ ၃ ဦးကို ဧပြီ ၂၈ ရက်ညက နေအိမ်တွေအထဲထိ ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လွန်ခဲ့တဲ့ တလကျော်လောက်ကတည်းက ဖမ်းဆီးခံထားရတဲ့ အသက် ၃၀ အရွယ် ပန္ဒလဲကျေးရွာသား ကိုသားကြီးဆိုသူကိုလည်း ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာ မေ ၃ ရက်၊ မနက် ၂ နာရီလောက်က လက်ပြန်ကြိုးတုပ် ပစ်ခတ်သတ်ဖြတ်ခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ ပန္ဒလဲကျေးရွာက ရွာခံတွေဟာ ပျူစောထီးအဖွဲ့ဝင်တွေရဲ့ ပစ်ခတ်သတ်ဖြတ်မှုကို စိုးရိမ်တဲ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်လာနိုင်တဲ့အတွက် ရွာလုံးကျွတ် နေအိမ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြပြီး နီးစပ်ရာ ကျေးရွာ ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရပါတယ်။

ပန္ဒလဲရွာခံ အမျိုးသမီးတဦးက "ရှောင်နေကြရတော့ အခက်အခဲက မျိုးစုံကြုံနေကြရတာပဲ။ အခုဆို မိုးလည်းရွာနေပြီဆိုတော့ လယ်ထဲဆင်းကြရတော့မှာ။ ဒါပေမဲ့ ဘယ်သူမှ ရွာမပြန်ရဲကြဘူး" လို့ ပြောပါတယ်။

အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ပန္ဒလဲကျေးရွာဟာ ထားဝယ်-လောင်းလုံး ကားလမ်းမပေါ်မှာရှိပြီး အခုလို ရှောင်တိမ်းနေကြရတဲ့အတွက် နေစရာအခက်အခဲဖြစ်တာ၊ နေအိမ်တွေ ဖောက်ထွင်းခံရမှာ စိုးရိမ်တာ၊ အလုပ်တွေ ရပ်နားထားရတဲ့အတွက် ဝင်ငွေမရှိတော့တာတွေလည်း ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မေ ၁ ရက်နေ့ကတော့ ပန္ဒလဲကျေးရွာအတွင်း စခန်းချနေထိုင်တဲ့ ပျူစောထီးအဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေ ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက် ထိခိုက်မှု ရှိခဲ့ပါတယ်။

ပန္ဒလဲကျေးရွာအတွင်း စစ်ကောင်စီက လက်နက်တပ်ဆင်ပေးထားတဲ့ ပျူစောထီးအဖွဲ့ဝင် ၁၅ ဦးခန့်ရှိပြီး ရွာခံတွေကို ဖမ်းဆီးတာ၊ သေနတ်ပစ်ဖောက် ခြိမ်းခြောက်တာ၊ လူနေအိမ်တွေ၊ ဈေးဆိုင်တွေမှာ လစဉ် ဆက်ကြေးကောက်တာတွေ မကြာခဏ ပြုလုပ်လေ့ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ ပြန်ကြားရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ပျူစောထီးအဖွဲ့တွေ ဖွဲ့စည်းပေးထားတာ မရှိဘူးလို့ ငြင်းဆိုထားပေမဲ့ ပန္ဒလဲကျေးရွာက ပျူစောထီးအဖွဲ့ဝင်တွေကတော့ ရဲစခန်းတွေကို ဝင်ထွက်သွားလာတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပေါင်းပြီး ပြည်သူတွေကို ဖမ်းဆီးတာတွေ ပြုလုပ်လေ့ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024