စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် လည်ငေါက်လမ်းပိုင်းမှာ မေ ၁၁ ရက် ညနေ ၆ နာရီဝန်းကျင်လောက်က ယင်းမာပင်မြို့မှ ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဆရာစံ PDF အထူးပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
ယင်းမာပင်မြို့ကနေ ပုလဲမြို့ဘက်ကို ဦးတည်ထွက်ခွာလာတဲ့ စစ်ကောင်စီယာဉ်တန်း ၁၃ စီးကို ပဒေသာမိုင်း အကြီး ၆ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီကားတစီး မီးလောင်ပြာကျပြီး ထိခိုက်သေဆုံးမှု များပြားနိုင်တယ်လို့ PDF ခေါင်းဆောင် ဆရာစံက ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အချက် ၁၀၀ လောက် ရမ်းသမ်းပစ်ခတ်ခဲ့ပေမဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆရာစံက ပြောပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားတဲ့ စစ်ကောင်စီကားကို အဲဒီနေရာမှာပဲ ရပ်ထားခဲ့ပြီး ပုလဲမြို့ဘက်ကို ဦးတည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။