မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ် မြောက်လူးကန်ရွာ အနောက်ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်ကို လက်နက်ကိုင်လူတစုက မေ ၁၀ ရက် ညမှာ သေနတ်နဲ့ပစ်ခတ်ပြီး ကျောင်းရှိငွေကြေးတွေ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ကား ၂ စီးနဲ့ ရောက်လာတာ၊ အင်အား ၅၀ ကျော်ပါတယ်၊ ကျောင်းထိုင်ဆရာတော်ကားနဲ့ ဘုန်းကြီးစီးတဲ့ကားနဲ့ Ambulance ကား ပါသွားတယ်၊ ငွေကြေး ဘယ်လောက်ပါသွားတယ် ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
လက်နက်ကိုင်ဆောင်ထားသူ လူတစုက ဘုန်းကြီးကျောင်းဝင်းထဲကို ဝင်လာပြီးနောက် ဦးဇင်းတွေရဲ့ ဖုန်းအားလုံးကိုလည်း သိမ်းယူသွားပြီး ဘုန်းကြီးတပါးဆီမှာရှိတဲ့ တခြားငွေတွေကိုပါ ယူဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
မြောက်လူးကန် အနောက်ဘုန်းကြီးကျောင်းက သက်တော် ၇၅ နှစ်အရွယ်ရှိ ကျောင်းထိုင်ဆရာတော်ဟာ သေနတ်သမားတွေရဲ့ ပစ်ခတ်ကြောင့် မျက်လုံးတဖက် ပေါက်သွားပြီး ပျံလွန်တော်မူသွားတယ်လို့ ဆိုပါတယ်။
“ရွာထဲဝင်တော့ တောင်ဘက်ကဝင်လာပြီး ပထမ အသံဗုံးဖောက်တယ်။ ညဆိုတော့ သိပ်မသဲကွဲကြဘူး။ ဝင်လာတာက လူစိမ်းတွေပဲ” လို့ ဒေသခံတဦးက ပြောပါတယ်။
မေ ၁၁ ရက် မနက်ပိုင်းမှာတော့ အနောက်ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်နဲ့ လာရောက်စစ်ဆေးနေတယ်လို့ သိရပါတယ်။