မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့မှာ မေ ၉ ရက်နေ့က စစ်ကောင်စီရဲ့ စီးပွားရေးဒေါက်တိုင်တခုဖြစ်တဲ့ မြန်မာဘီယာ ရုံးချုပ်ကို ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ကျောက်ပန်တောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KDF က ပြောပါတယ်။
ကျောက်ပန်တောင်းမြို့က မြန်မာဘီယာ ဖြန်ချိရေး ရုံးချုပ်ကို မေလ ၉ ရက်နေ့ မွန်းတည့် ၁၂ နာရီ မိနစ် ၄၀ လောက်မှာ KDF တပ်ဖွဲ့က ဝင်ရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ဖြန်ချိရေးလုပ်တဲ့ ကားနဲ့ ဘီယာဖာတွေ ထိခိုက်ပျက်ဆီးခဲ့ပြီး လူထိခိုက်မှုမရှိဘူးလို့ KDF ရဲ့တာဝန်ခံ ဗိုလ်KD က ဒီဗွီဘီကို ပြောပါတယ်။
“အဓိက ကတော့ စစ်ကောင်စီရဲ့ ဒေါက်တိုင်တစ်ခုဖြစ်နေလို့ တိုက်ခိုက်ရတာပါ။ စစ်ကောင်စီရဲ့ ဝင်ငွေစီးဆင်းတဲ့ လမ်းကြောင်းတခုကို ဖျက်ဆီးတာဖြစ်ပြီး ပြည်သူတွေအနေနဲ့လည်း ရောင်းချတာ၊ သုံးစွဲတာတွေ မလုပ်စေချင်လို့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ။”
KDF အနေနဲ့ စစ်ကောင်စီရဲ့ အဓိကကျတဲ့ ပစ်မှတ်တွေကို ဦးစားပေးတိုက်ခိုက်သွားမှာဖြစ်ပြီး မြို့ပြပြောက်ကျားကနေတဆင့် မြို့သိမ်းတိုက်ပွဲအထိ ဖော်ဆောင်သွားမယ် ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။
အခက်အခဲတွေ အများကြီးရှိနေပေမယ့် အကောင်းဆုံး လုပ်ဆောင်သွားမှာဖြစ်သလို ပြည်သူလူထုအနေနဲ့ မိမိတို့တတ်နိုင်တဲ့ နေရာကနေ ပူးပေါင်းကူညီပေးကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
မြန်မာဘီယာရုံး ဖောက်ခွဲတိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။