Home
မြန်မာသတင်း
PDF တပ်ဖွဲ့များ၌ အမျိုးသမီးပူးပေါင်းပါဝင်မှု ပိုအားကောင်းလာသော်လည်း အခက်အခဲများ ရင်ဆိုင်နေရ
DVB
·
May 10, 2022
529527-279222131_139670368637668_7181211178821713218_n-730x365

စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုး တိုက်ခိုက်တာတွေကို အများဆုံး ကြုံနေရတဲ့  စစ်ကိုင်းတိုင်းက လက်နက်ကိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေမှာ အမျိုးသမီးတွေ ပူးပေါင်းပါဝင်မှု ပိုအားကောင်းလာပေမယ့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့  ဒေသခံအမျိုးသမီး PDF တွေက ပြောပါတယ်။

နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတာ၊ မိသားစုဝင်တွေ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေကြောင့် အမျိုးသမီးတွေကိုယ်တိုင် လက်နက်ကိုင်တော်လှန်ရေးမှာ ပူးပေါင်းပါဝင်လာတာဖြစ်ပါတယ်။ 

ခံစားချက်ကြောင့် တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ခဲ့ပေမယ့် တောတောင်ထဲမှာ ယောကျ်ားသားတွေနဲ့ ရင်ဘောင်တန်းပြီး တိုက်ပွဲဝင်နိုင်ဖို့ ခက်ခဲတယ်လို့ စစ်ကိုင်းဒေသခံ အမျိုးသမီး PDF တယောက်ကပြောပါတယ်။ 

“လက်နက်ကိုင်ပြီးတော့ ရှေ့တန်းမှာတိုက်တဲ့ အမျိုးသမီးတွေလည်းရှိတယ်။ နောက်တန်းကနေပြီးတော့ ထမင်းချက် ဟင်းချက်ကအစပေါ့။ အမျိုးသားရဲဘော်တွေအတွက် လိုအပ်တာတွေ၊ ထမင်းချက် ဟင်းချက် အဲ့ဒီလိုမျိုး ကူညီပံ့ပိုးပေးနေတာတွေလည်းရှိတယ်။  အမျိုးသမီးတွေအနေနဲ့ မုဒိန်းစစ်တပ်ကို အမြစ်ဖြတ်ဖို့ တော်လှန်ရေးမှာ ပါဝင်လာကြတာဖြစ်ပါတယ်။ အခက်အခဲဆိုတာတော့ အများကြီးရှိတာပေါ့။ ညီမလေးတို့က မိန်းကလေးတွေဆိုတော့ ယောကျ်ားလေးတွေနဲ့ တောထဲတောင်ထဲမှာ ရင်ဘောင်တန်းနေထိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စမဟုတ်ဘူး။ ညီမတို့ PDF ရဲဘော်အားလုံးရဲ့ အခက်အခဲဆိုတာကတော့ တော်လှန်ရေးမှာ အသက်ပေးသွားကြတဲ့ အာဇာနည်တွေရဲ့ ပေးဆပ်မှုတွေ၊ ပြီးတော့ စစ်ဘေးရှောင်တွေ CDM ဝန်ထမ်းတွေ မတရားပုဒ်မတပ်ပြီးတော့ သံတိုင်နောက်မှာ နှိပ်စက်ခံနေရတဲ့ ရဲဘော်တွေ လက်နက်ထုတ်လုပ်ရင်းနဲ့ ခြေ လက်အင်္ဂါဆုံးရှုံးသွားရတဲ့ ရဲဘော်တွေရှိတယ်။ ဘာအထောက်အပံ့မှမရဘဲ လူမသိသူမသိ ဒုက္ခိတအဖြစ်နဲ့ တော်လှန်ရေးမှာ အနားယူလိုက်ရတဲ့ ရဲဘော်တွေရဲ့ ပေးဆပ်မှုနဲ့ယှဉ်ရင် ညီမတို့ရဲ့အခက်အခဲတွေက မပြောပလောက်တဲ့ အခက်အခဲတွေပါအကို။” 

စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ကိုင်းတိုင်းထဲမှာ အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ နေအိမ်စွန့်ခွာထွက်ပြေးနေရပြီး စားဝတ်နေရေးခက်ခဲနေပါတယ်။ စားနပ်ရိက္ခာ၊ မိုးတွင်းအတွက် အမိုးအကာ၊ ဆေးဝါး စတဲ့လိုအပ်ချက်တွေမြင့်မားနေပြီး စစ်ဘေးသင့်ပြည်သူတွေရဲ့ အခက်အခဲတွေကို ကမ္ဘာက အသိအမှတ်ပြုပြီး အမြန်ဆုံးအကူအညီတွေ ပေးစေချင်တယ်လို့ မုံရွာဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။ 

ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက စစ်ဘေးရှောင်ပြည်သူတွေကို အကူအညီပေးဖို့ ကြိုးစားတာတွေရှိခဲ့ပေမယ့် စစ်ကောင်စီက နည်းမျိုးစုံနဲ့ကန့်သတ်နေတာကြောင့် ပြည်သူတွေဟာ လိုအပ်တဲ့အထောက်အပံ့တွေကို မရခဲ့ဘူးလို့ ဆိုပါတယ်။

မုံရွာဒေသခံအမျိုးသမီးက “ကိုယ်ကိုယ်တိုင်လည်း အမျိုးသမီးတယောက်ဖြစ်ပေမယ့် အမျိုးသားတွေနဲ့တန်းတူပဲ။ လုပ်နိုင်တယ်။ အမျိုးသမီး အမျိုးသားခွဲခြားတဲ့ပုံစံတွေ ညီမတို့ မကြိုက်ဘူး။ အမျိုးသမီးမို့ မလုပ်နိုင်ဘူးဆိုတဲ့ ပုံစံမျိုးတွေ မပြောနဲ့ မကြိုက်ဘူး။ ငါလည်း လုပ်နိုင်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့သွားတယ်။ အားလုံးသွားနေတာ ဖက်ဒရယ်ဒီမိုကရေစီအရေးကို သွားနေတာဖြစ်တယ်။ ဒီမိုကရေစီတိုင်းပြည်ကို တက်လှမ်းနေတဲ့အချိန်မှာ ညီမတို့အနေနဲ့က အမျိုးသမီးတွေကလည်း ဦးဆောင်သင့်တယ်။ ရှေ့ကနေမားမားမတ်မတ်နဲ့ ဒီတိုက်ပွဲကို တိုက်လိမ့်မယ်။ ညီမတို့ခံယူထားတာက အမျိုးသမီးတွေမပါဝင်ရင် ဒီတိုက်ပွဲက အောင်မြင်နိုင်စရာမရှိဘူး။ ကျနော်တို့ မြန်မာပြည်မှာ အမျိုးသား၊ အမျိုးသမီး လူဦးရေမှာ အမျိုးသမီး လူဦးရေဟာ အရမ်းများတယ်။ တိုက်မယ်၊ ကူနိုင်တဲ့နေရာက ကူမယ်။”

စစ်တပ်ဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး သပိတ်ကာလမှာကတည်းက မိန်းကလေးငယ်တွေကို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။ 

၂၀၂၁ ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ဦးခေါင်းကိုကျည်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့ အသက် ၂၀ အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဒဏ်ရာကြောင့် အသက်ဆုံးရှုံးခဲ့ပါတယ်။ ၂၀၂၁ မတ် ၃ ရက်နေ့က မန္တလေးမြို့ပေါ်သပိတ်မှာ ပါဝင်ခဲ့တဲ့ မကြယ်စင်(ခေါ်)ကျားရှီးဟာလည်း သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး အသက်ဆုံးရှုံးခဲ့ပါတယ်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မေ ၈ ရက်နေ့အထိ မှတ်တမ်းတွေအရ စစ်ကောင်စီက လက်ရှိအချိန်အထိ ဖမ်းဆီးထားတဲ့ အပြစ်မဲ့ပြည်သူ ၁ သောင်းကျော်အထိရှိလာပြီး အဲ့ဒီအထဲမှာ အမျိုးသမီးအများအပြားပါဝင်နေပါတယ်။ စစ်ကောင်စီရဲ့အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူ ၁၈၀၀ ကျော်ရှိနေပြီး အမျိုးသမီးအရေအတွက်ဟာ အများအပြားပါဝင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024