ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်မှာ မေ ၈ ညနေပိုင်းက အမျိုးသားတယောက် ပစ်ခတ်ခံရအပြီး လူငယ် ၃ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကြည်စုရပ်ကွက် ဓမ္မရိပ်သာလမ်းထဲမှာ အမျိုးသားတယောက် သေနတ်နဲ့ ပစ်ခတ်ခံရအပြီး လမ်းအတွင်း နေထိုင်တဲ့ လူငယ်သုံးယောက်ထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“ညနေ ၅ နာရီကျော်လောက်မှာ သေနတ်ပစ်ခတ်မှုဖြစ်တယ်။ အပစ်ခံရတဲ့ အမျိုးသားက လမ်းထဲကမဟုတ်ဘူး။ ဆိုင်ကယ်နဲ့ နှစ်ယောက်က လာပစ်သွားတာ။ ဘာကြောင့်ပစ်လဲမသိရဘူး။ သေနတ်အပစ်ခံရအပြီး လမ်းထဲက လူငယ်လေးတွေကို လာဖမ်းသွားတာပဲ။ ကျနော်သိသလောက် အဖမ်းခံရတာ လူငယ် ၃ ယောက်ထက်တော့ မနည်းလှဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ လူငယ်တွေကိုတော့ ဘယ်နေရာကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးပါဘူး။