ပဲခူးတိုင်း၊ ရွှေတောင်မြို့မှာ စစ်ဆေးမေးမြန်းခံနေရတဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ၁ ဦးရဲ့ ၂ နှစ်သား ကလေးငယ်နဲ့ အမေဖြစ်သူကို စစ်ကောင်စီတပ်က မေလ ၈ ရက်နေ့မှာ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကိုစိုးမြတ်မင်းဟာ ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က အဖမ်းခံခဲ့ရတာဖြစ်ပြီး စစ်ကောင်စီ ရဲ့ (ဒကစ)စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းခံနေရတာဖြစ်ပြီး ဇနီးနဲ့ ကလေးကို ဓားစားခံအဖြစ် ဖမ်းဆီးတာ ဖြစ်နိုင်တယ်လို့ ရွှေတောင်မြို့နေထိုင်သူတယောက်က ပြောပါတယ်။
“သူ့ဇနီးသည် ဆုဝေဖြိုး နဲ့ ၂ နှစ်သားအရွယ် သူ့တို့ကလေးကိုပါ စစ်ကောင်စီက မေလ ၈ ရက်နေ့ နေ့လယ် ၂ နာရီလောက်က လာဖမ်းသွားကြတာ။ သူ့မိဘတွေ ၀ိုင်းပြောတာကို မရဘူး။ ကိုစိုးမြတ်မင်းက စစ်ကောင်စီအာဏာသိမ်းကတည်းက သူ့ကို ၀င်ဖမ်းလို့ အိမ်မှာမနေတော့တာ၊ ၀ရမ်းလည်း (၅၀၅) ထုတ်ထားပုံရတယ်။ အခု သူက ရွှေတောင်ကို ခဏပြန်လာစဥ်မှာ အဖမ်းခံလိုက်ရတာ။”
ဇနီးဖြစ်သူဟာ သရက်တောရပ်ကွက် ညောင်ဝိုင်းရွာသစ်ကျေးရွာမှာ မိဘတွေနဲ့အတူနေပြီး ကိုစိုးမြတ်မင်းကတော့ ၂၀၁၅-၂၀၁၇ ပြည်ခရိုင် ဗကသ အတွင်းရေးမှူးဟောင်း တယောက်ဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် ရွှေတောင်မြို့ ဆန္ဒပြပွဲတွေမှာ ပါ၀င်ခဲ့ပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးနေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာလို့ ဒေသခံတွေက ပြောပါတယ်။