အကြမ်းဖက်စစ်ကောင်စီ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) စစ်သားတယောက်ဟာ ထီးလင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ကိုယ်ပိုင်အမှတ် တ/ ၅၆၅၆၅၆၊ တပ်သားကိုဇော်ဖြိုးဟာ စစ်ကောင်စီရဲ့ မတရားမှုတွေကို မကြိုက်နှစ်သက်တာကြောင့် ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်မှာ CDM ဝန်ထမ်းအဖြစ် YDF-ထီးလင်း(ရွှေစွန်ညို) ဆီမှာ ခိုလှုံကာ ပြည်သူ့ရင်ခွင်ကို ဝင်ရောက်လာတာကြောင့် ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။
YDF-ထီးလင်း(ရွှေစွန်ညို) ရဲ့ ပြန်ကြားရေး တာဝန်ခံက “လက်နက် အီကွေး မန့်တွေတော့ ပါမလာဘူး။ ဘာပဲဖြစ်ဖြစ် စစ်အုပ်စုကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်ကို ရဲရဲဝံ့ဝံ့ ရပ်တည်တဲ့ ပြည်သူ့ရဲတွေကို ကျနော်တို့အနေနဲ့ ကြိုဆိုရမှာ ဖြစ်တယ်” လို့ ပြောပါတယ်။
နောက်နောင်မှာ စစ်လက်နက်ပစ္စည်းအပြည့်အစုံ (Full Equipment) နဲ့တကွ YDF-ထီးလင်း(ရွှေစွန်ညို) အဖွဲ့ဆီ ဝင်ရောက်လာပါက ဆုကြေးငွေ သိန်း ၅၀ ပေးပြီး လွတ်မြောက်နယ်မြေကို ရောက်ရှိအောင် ပို့ဆောင်ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။
နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုး သားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။