ပဲခူးမြို့က စစ်ကောင်စီလက်အောက်ခံ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ထုတ်ပေးတဲ့ရုံးမှာ ရုံးတာဝန်ခံဝန်ထမ်းက ပတ်စ်ပို့စ် လာလုပ်တဲ့ ပြည်သူလူထုတွေထံကနေ သတ်မှတ်ကြေးထက်ပိုပြီး အဓမ္မငွေတောင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပတ်စ်ပို့သွားလုပ်ခဲ့တဲ့ ဒေသခံတဦးက “ ပတ်စ်ပို့လုပ်ရင် တယောက်ကို တရားဝင် သွင်းကြေးက ကျပ် ၃၀၀၀၀ လောက်ပေးရတာဖြစ်ပေမဲ့ ရုံးတာဝန်ခံတင်ထွန်း ဆိုသူက ပတ်စ်ပို့လျှောက်လွှာ တစောင်ကို ကျပ် ၁၇၀,၀၀၀ ပေးမှ ထုတ်ပေးတယ်”လို့ ပြောပါတယ်
ဒါ့အပြင် မှတ်ပုံတင်မပါရင် ကျပ် ၃၀၀၀၀ ၊ အိမ်ထောင်စုစာရင်းမပါရင် ကျပ် ၃၀၀၀၀ ၊ အဝင်တံဆိပ်တုံးမရှိရင် ကျပ်၃၀၀၀၀ ၊ အထွက်တံဆိပ်တုံးမရှိရင် ၃၀၀၀၀ လည်း ထပ်ပေးရတဲ့အပြင် စာအုပ်ပျက်စီးတယ် အကြောင်းပြပြီး ဒဏ်ကြေး ၆၀,၀၀၀ ပါ ထပ်တောင်းနေတာကြောင့် ပတ်စ်ပို့သွားလုပ်သူတွေ အခက်တွေ့နေကြရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ အလုပ်အကိုင် ရှားပြီး စီးပွားရေး အဆင်မပြေကြတာကြောင့် တရားဝင်ရော တရားမဝင်လမ်းကြောင်းတွေကပါ ပြည်ပကို ထွက်ခွာ အလုပ်လုပ်လိုသူတွေ နေ့စဥ် များလာနေတာ ဖြစ်ပါတယ်။