ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ မေ ၆ ရက် မနက်ပိုင်းက ကျောက်ယမ်းခွဲရာကနေ မြေစာပုံပြိုကျလို့ ကျောက်ရှာသူ ၂ ယောက်သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေ ထံကသိရပါတယ်။
ဆိပ်မူကျေးရွာအုပ်စု၊ နမ့်မော်ကျေးရွာရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတခုမှာ ကျောက်ယမ်းခွဲရာမှာကနေ ရေမဆေးကျောက်ရှာဖွေနေသူတွေအပေါ် မြေစာပုံပြိုကျခဲ့တာ ဖြစ်ပါတယ်။
ဖားကန့်ဒေသခံတဦးက "မနက် ၇ နာရီလောက် ဖြစ်တာ။ ကျောက်ယမ်းခွဲရာကနေ မြေစာပုံက ကျောက်ရှာနေတဲ့ လူတွေပေါ် ပြိုကြပြီးသေဆုံးတာ။ နှစ်ယောက်သေတယ်။ လေးဦး ဒဏ်ရာရတယ်” လို့ ပြောပါတယ်။
မြေစာပုံပြိုကျလို့ ထိခိုက် ဒဏ်ရာရသူ ၄ ယောက်ထဲက တယောက်ဟာ ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့လည်း ဒေသခံက ပြောပါတယ်။
မေ ၅ ရက်မနက်ပိုင်းကလည်း ကောင်ဆန်ကျေးရွာမှာရှိတဲ့ ကျောက်စိမ်းလုပ်ကွက်ဟောင်းမှာ မြေစာပုံပြိုကျခဲ့လို့ ရေမဆေးရှာဖွေသူ ၇ ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။
ဖားကန့်မြို့နယ်မှာ မြေစာပုံပြိုကျတာတွေ မကြာခဏဖြစ်ပွားလေ့ရှိကာ မမုံကျေးရွာမှာရှိတဲ့ လုပ်ကွက်ဟောင်းတခုမှာ ဖေဖေါ်ဝါရီ ၁၈ ရက်က မြေစာပုံပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာဖွေသူ ၂ ယောက်သေဆုံးခဲ့ကာ ၃ ယောက် ဒဏ်ရာရခဲ့သလို ဖေဖေါ်ဝါရီ ၂၈ ရက်ကလည်း မမုံကျေးရွာက လုပ်ကွက်တခုမှာ မြေစာပုံပြိုကျခဲ့လို့ ရေမဆေးသမား ၅၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။