မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်း၊ ၈၅ လမ်းနဲ့ ၈၆ လမ်းကြားမှာ မေလ ၆ ရက် မနက် ၁၀ နာရီခွဲလောက်က သေနတ်နဲ့ ပစ်ခံရလို့ အမျိုးသားတယောက် သေဆုံးခဲ့ပြီး တယောက် ဒဏ်ရာရ သွားပါတယ်။
သေနတ်နဲ့ ပစ်ခံရသူဟာ အသက် ၄၇ နှစ်အရွယ် ဦးမိုးကို ဆိုသူဖြစ်ပြီး ညာဘက်ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ ဘယ်ဘက်ဝမ်းဗိုက် ကျည်ဖောက်ဝင် ဒဏ်ရာ ရရှိကာ နေရာမှာတင် သေဆုံးသွားတယ်လို့ သိရပါတယ်။
“ပစ်ခံရသူက ကျောက်သမားလို့ သိရတယ်။ ခြောက်ချက်လောက် ပစ်သွားတာ။ ပစ်ပြီး မကြာဘူး အဲ့ဒီထိပ်မှာ ပိတ်ပြီး တားဆီး စစ်ဆေးတာတွေ လုပ်တယ်။” လို့ မဟာအောင်မြေမြို့နယ် စိန်ပန်းရပ်နေ ပြည်သူတဦး က ပြောပါတယ်။
သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ဦးမိုးကို အပြင် အသက် ၆၀ အရွယ် ဦးသောင်းတင် ဆိုသူလည်း ဘယ်ဘက် နံမှာ ကျည်ထိမှန်ခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သိရပါတယ်။
ဘာကြောင့် သေနတ်နဲ့ ပစ်ခတ်ခဲ့တယ် ဘယ်အဖွဲ့အစည်းက ပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့ ဘယ်သူကမှ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။
မေလ ၆ ရက် မနက်ပိုင်းက မန္တလေးမြို့အနှံ့ ပိတ်ဆို့ စစ်ဆေးခဲ့တဲ့အပြင် ချမ်းမြသာစည်မြို့နယ် မြို့သစ်ဘက်မှာ တအိမ်တက်ဆင်း စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။