ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေပြီး နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်တယ်လို့ မိုးဇလဌာနက မေ ၆ ရက်မှာ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁၁ နာရီ တိုင်းထွာချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။
အဆိုပါ လေဖိအားနည်းရပ်ဝန်းဟာ အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်သို့ အားကောင်းလာနိုင်တယ်လို့ မိုးဇလ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ရန်ကုန်မှ တနင်္သာရီကမ်းရိုးတန်းတလျှောက် ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသ ခန့်မှန်းချက်ကတော့ ဒီနေ့ မွန်းတည့် ၁၂ နာရီကနေ နောက် ၂၄ နာရီအတွင်း နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး လှိုင်းအသင့်အတင့်ရှိမှာဖြစ်ပြီး လှိုင်းအမြင့်က ၅ ပေမှ ၈ ပေလောက်အထိ ရှိနိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။