စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ကြောင်ဆင်းအိုင်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူပိုင်နေအိမ်တချို့ကို မေ ၅ ရက် ဒီမနက် ၆ နာရီလောက်က မီးရှို့ ဖျက်ဆီးခဲ့ပြီး ဒေသခံတချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ကြောင်ဆင်းအိုင်ကျေးရွာကို ရောက်ရှိနေထိုင်နေတာဟာ ၂ ရက် လောက်ရှိပြီးနောက် ဒီနေ့မှာတော့ ကျေးရွာနေအိမ် ၂ လုံးနဲ့ စပါးကျီ ၁ လုံး မီးရှို့ဖျက်ဆီးခဲ့ကာ နေအိမ်တွေကို မွှေနှောက်ရှာဖွေခဲ့တဲ့အပြင် ရွာသား ၃ ယောက်ကိုလည်း ဖမ်းဆီးသွားပါတယ်။
ဖောင်းပြင်အခြေစိုက် ခြေမြန်တပ်ရင်း ခ.မ.ရ(၃၆၇)တပ်က စစ်ကြောင်းဟာ ဂရိတ်ကျေးရွာနဲ့ တောဂျင်ကျေးရွာတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့ တပ်ဖြစ်ပါတယ်။ တောဂျင်ကျေးရွာဟာ လူနေအိမ်ခြေ ၇၀ ကျော်ရှိပြီး ၅၄ လုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတာ ဖြစ်ပါတယ်။
တန့်ဆည်မြို့နယ်အတွင်းမှ ဒေသခံပြည်သူတွေဟာ စစ်ကောင်စီတပ်တွေ ရောက်လာမှာကို စိုးရိမ်ထိတ်လန့် ကြောက်ရွံ့နေရပြီး စစ်ကြောင်း လာရာလမ်းတလျှောက်မှာ ကျေးရွာဒေသခံတွေက စစ်ဘေးတိမ်းရှောင်နေရပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေအနေနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အဝတ်အစား အသုံးအဆောင်တွေ အရေးပေါ် လိုအပ်နေပါတယ်။