ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်၊ ကျုံကျိုက်ကျေးရွာမှာ စစ်ကောင်စီခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးနဲ့ သူ့ရဲ့ဇနီးတို့ အသတ်ခံရပြီးနောက်ပိုင်း ဒေသခံ ပြည်သူ ၄၀ ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဧပြီ ၂၄ ရက်နေ့က ကျုံကျိုက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအေးကိုနဲ့ ဇနီးတို့ကို ဧရာဗေဒါအဖွဲ့နဲ့ သေမင်းလက်ရာအဖွဲ့တို့က ပူးပေါင်းရှင်းလင်းတာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပေမယ့် စစ်ကောင်စီက ဒေသခံပြည်သူတွေကို စွပ်စွဲဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒေသခံတဦးက “ဒေသခံတွေ အဖမ်းမခံရအောင် လုပ်တဲ့တော်လှန်ရေးအဖွဲ့တွေက ကြေညာထားတယ်။ အဲဒါကို ဒေသခံတွေကို စွပ်စွဲဖမ်းဆီးနေတာ အားလုံးဆိုအဖမ်းခံရတာ ၄၀ လောက်ရှိပြီ” လို့ ပြောပါတယ်။
ဖမ်းဆီးထားရသူ ၄၀ ကျော်ကို ၁၀ ရက်ကျော်ကြာတဲ့အထိ ပြန်လွှတ်မပေးသေးသလို ဘယ်နေရာမှာ ဖမ်းဆီးထားတယ်ဆိုတာလည်း မသိရသေးဘူးလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့တဲ့ ဧရာဗေဒါအဖွဲ့ကတော့ အုပ်ချုပ်ရေးမှူးဟာ ပျူစောထီးခေါင်းဆောင်ဖြစ်ပြီး ရှင်းလင်းတဲ့အချိန်မှာ မိန်းမဖြစ်သူကပါ ဝင်ရောက်တိုက်ခိုက်လို့ နှစ်ယောက်စလုံးကို ရှင်းလင်းခဲ့ရသလို ပြန်ထွက်ချိန်မှာလည်း ပျူစောထီးတွေလိုက်လာလို့ ပစ်ခတ်ပြီး ပြန်ထွက်လာရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လက်ရှိအချိန်မှာ အုပ်ချုပ်ရေးမှူးနဲ့ မိန်းမဖြစ်သူကို ရှင်းလင်းတဲ့ အဖွဲ့ဝင်တွေ တစ်ယောက်မှ ဖမ်းဆီးခံရတာမရှိဘူးလို့ သေမင်းလက်ယာအဖွဲ့ရဲ့ တာဝန်ရှိသူ ဗိုလ်လက်ဝဲက ပြောပါတယ်။