မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ နေပြည်တော်-ကံပြားလမ်းမှာ မေ ၄ ရက် ညနေပိုင်းက တောင်ကျချောင်းရေကျလာလို့ ခရီးသည်တင် မှန်လုံကားတစီး ဘေးချော်ကျကာ လမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့တယ်လို့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းကနေ သိရပါတယ်။
မြို့သစ်မြို့နယ် နေပြည်တော်-ကံပြား ကားလမ်း သရက်ခွချောင်းမှာ ဒီကနေ့ ညနေ ၃ နာရီလောက်က တောင်ကျချောင်းရေထိုးကျလာလို့ ခရီးသည်တင် ဘတ်စ်ကားတစီး ဘေးချော်ကျကာ ကားအစီးရေ ၅၀ လောက် လမ်းပိတ်ဆို့ခဲ့တာ ဖြစ်ပါတယ်။
ရောင်စုံမေတ္တာလူမှုကူညီရေးအသင်းရဲ့ ဦးဆောင်သူ ကိုအောင်မျိုးနိုင်က “ဒီဘက်မှာ မိုးကနည်းနည်းလေးလောက်ပဲ ရွာတာဗျ။ အထက်ဘက်မှာ မိုးများလို့ထင်တယ်။ ကျနော်တို့ ညနေ ၃ နာရီလောက်ရောက်သွားတော့ ချောင်းရေတော်တော်များနေပြီ။ ခရီးသည်တင် မှန်လုံကားတစီး လမ်းဘေးကို နည်းနည်းထိုးကျတာ ခရီးသည်တင်ကား အစီး ၅၀ လောက်ပိတ်မိနေတယ်ဗျ။ လမ်းပိတ်တာကတော့ ညနေ ၃ နာရီလောက်ကနေ ၅ နာရီခွဲလောက်အထိ ပိတ်မိနေကြပြီး ကျနော်တို့ ပြန်လာခဲ့ကြတယ်။ လက်ရှိအချိန်ထိတော့ ကားတွေ ဖြတ်လို့မရသေးဘူး”လို့ ပြောပါတယ်။
အဲဒီလမ်းမှာ တောင်ကျချောင်းတွေများပြီး မိုးမရွာဘဲနဲ့လည်း ရေက တဟုန်တိုး ထိုးကျလာတတ်ကာ သရက်ခွချောင်းကိုတော့ ချောင်းကူးတံတား ထိုးနေတာတွေ့ရပေမဲ့ မပြီးသေးဘူးလို့ မြို့သစ်မြို့နယ်ဒေသခံတစ်ယောက်က ပြောပါတယ်။
မကွေးတိုင်းအတွင်းက မြို့သစ်မြို့နယ်နဲ့ နတ်မောက်မြို့နယ်တွေက ကားလမ်းတွေမှာ တောင်ကျချောင်းရေကျော်တွေ များပြားပြီး အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ချောင်းကူးတံတားတွေ အများအပြား ထိုးပေးခဲ့ပါတယ်။