ကရင်နီ (ကယား) ပြည်နယ်၊ ဘောလခဲမြို့နယ်ဘက်ကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့လို့ ယာဉ်နှစ်စီး ပျက်စီးသွားပါတယ်။
ရိက္ခာပို့သွားတဲ့ စစ်ကောင်စီယာဉ်တန်းကို ကရင်နီ ပူးပေါင်းတပ်တွေက မေ ၄ ရက် ဒီကနေ့မနက် ၆ နာရီလောက် ချုံခိုတိုက်ခိုက်ခဲ့တာကြောင့် ယာဉ်နှစ်စီး ပျက်စီးသွားခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရရှိမှု အသေးစိတ်ကို မသိရသေးဘူးလို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ) အတွင်းရေးမှူး ၁ ခူးဒယ်နီရယ်က ပြောပါတယ်။
“ဘောလခဲဘက်မှာကတော့ သူတို့ ရိက္ခာပို့ဖို့ လုပ်နေတယ်။ အဲဒါကို ရိက္ခာပို့တဲ့ လမ်းကြောင်းပေါ်မှာပဲ တိုက်ပွဲတွေဖြစ်တယ်၊ မိုင်းတွေထိတယ်။ ဒီမနက် ၆ နာရီတုန်းကပဲ။ ဖြစ်တာတော့ နန်းဖဲကျေးရွာ အနီးအနားမှာပဲလို့ ပြောတယ်။ ကားနှစ်စီးကတော့ ပျက်သွားတယ်။ ပျက်သွားတယ်ဆိုတာ သူတို့ မီးရှို့ပစ်လိုက်တာပေါ့နော်။ ဒါပေမဲ့ လက်နက်ခဲယမ်းရတယ်၊ ရိက္ခာတွေရတယ်၊ ထိခိုက်မှုကတော့ မသိရဘူး။”
မေ ၃ ရက် မနက် ၁၀ နာရီကျော်ကလည်း ဖရူဆိုမြို့နယ် ဒေါပိုရှေ့နဲ့ ထားလဲကျေးရွာအကြားမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်တို့အကြား ၁ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က နှစ်ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNDF B-15 က ထုတ်ပြန်ထားပါတယ်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေါပိုရှေ့ကျေးရွာကို ကျရောက်ခဲ့ပြီး နေအိမ်နှစ်လုံး ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။