မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကွမ်တာကျေးရွာရှိ ရွှေမြန်မာရာဘာစက်ရုံမှာ မေ ၄ ရက် မနက် ၆ နာရီခွဲလောက်ကနေ ၉ နာရီခွဲလောက်အထိ ၃ နာရီကျော်ကြာ မီးလောင်ခဲ့တယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
ရာဘာစက်ရုံ မီးလောင်မှုမှာ သွားရောက် ကူညီခဲ့တဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဝင် ၄ ယောက်နဲ့ စက်ရုံလုပ်သား ၆ ယောက် စုစုပေါင်း ၁၀ ယောက်ဟာ မီးခိုးမွှန်တာကြောင့် အသက်ရှုကြပ် မူးလဲသွားတာလို့ မော်လမြိုင်ဆေးရုံနဲ့ ပုဂ္ဂလိက ဆေးရုံတချို့ကို ပို့ဆောင်ထားပြီး အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ လူမှုကယ်ဆယ်ရေးအဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ရာဘာအခြောက်ခံတဲ့ ဘွိုင်လာအိုးအဆောင်ကနေ စတင်မီးလောင်ကျွမ်းခဲ့တာ ဖြစ်ပြီး မီးလောင်မှုကြောင့် စက်ရုံအဆောက်အအုံတချို့နဲ့ ရာဘာပေါင်ချိန် ထောင်နဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။