ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်ပုံ (မဒဲယန်) ကျေးရွာမှာ မေ ၃ ရက် ည ၈ နာရီလောက်က စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ထမင်းဆိုင်ကို ထိမှန်ပြီး ဆိုင်ရှင် ရွာသား ၂ ယောက် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ မှော်ပုံကျေးရွာသားတွေဆီက သိရပါတယ်။
မဇွပ်ယန်ကျေးရွာမှာရှိတဲ့ အကျဉ်းထောင်အတွင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ လက်နက်ကြီးနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
ည ၇ နာရီခွဲလောက်က တကြိမ်ပစ်ခတ်ခဲ့ပြီး ည ၈ နာရီလောက်မှာ ဒုတိယအကြိမ် တချက်ထပ်ပစ်ချိန်မှာ မှော်ပုံကျေးရွာထဲက ဆောင်းရာသီထမင်းဆိုင်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့လို့ ဆိုင်ရှင် အမျိုးသား ၂ ယောက် သေဆုံးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
“ထောင်ဘက်ကနေ လှမ်းပြီး ရမ်းပစ်နေတာ။ ပထမတချက်က ဘယ်ကိုကျလဲ မသိရဘူး။ အသံပဲ ကြားလိုက်တာ။ ဒုတိယအချက်က ဆောင်းရာသီ ထမင်းဆိုင်ပေါ်တည့်တည့်ကျပြီးမှ ပေါက်ကွဲသွားတာဗျ။ ဆိုင်ထဲက ယောကျ်ားသားနှစ်ယောက်တော့ ပွဲချင်းပြီး သေသွားတယ် ပြောတယ်ဗျ”လို့ မှော်ပုံရွာသားတယောက်က ပြောပါတယ်။
အဆိုပါပစ်ခတ်မှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဘာကြောင့် ပစ်ခတ်တာလဲဆိုတာကိုလည်း မသိရသေးပါဘူး။