ဧရာ၀တီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့မှာ စစ်ကောင်စီက ရခိုင်တိုင်းရင်းသား ဒေသခံ ၃၀ ကျော်ကို ရက္ခိုင့်တပ်တော်(AA) နဲ့ ပတ်သက်တယ်လို့ စွပ်စွဲကာ ဧပြီ ၁၉ ရက်ကတည်းက ဖမ်းဆီးသွားပြီး ဟိုင်းကြီးရေတပ်စခန်းထဲမှာ စစ်ကြောနှိပ်စက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ ငါးပြေမကျေးရွာအုပ်စု၊ ကညင်ချောင်းကျေးရွာ၊ အဏ္ဏဝါကျေးရွာနဲ့ ဇီးဖြူချောင်းရွာနဲ့ ကျွန်းတဘက်ကမ်းက ရခိုင်တိုင်းရင်းသားတွေဖြစ်ပြီး အများစုက လူငယ်လူရွယ်တွေ ဖြစ်ပါတယ်။
ဒေသခံတဦးက “ဒေသခံလူငယ်တွေကို အေအေက စစ်သင်တန်းပေးနေတယ်ဆိုပြီး စစ်တပ်နဲ့ ရဲက ပိုက်စိပ်တိုက်ဖမ်းနေတာ နေ့တိုင်းလိုလိုဖမ်းနေတာ တပတ်တည်းကို အဖမ်းခံရတာ ၃၀ ကျော်ရှိပြီ” ပြောပါတယ်။
အေအေထံမှာ စစ်သင်တန်းတက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ဖမ်းဆီးသွားတဲ့ ရခိုင်လူငယ်တွေကို သီတင်း ၂ ပတ်ကျော်ကြာတဲ့အချိန်ထိ မိသားစုနဲ့ တွေ့ခွင့်မပေးဘဲ ဟိုင်းကြီးကျွန်းရှိ ရေတပ်စခန်းထဲမှာ စစ်ကြော နှိပ်စက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက ကျေးရွာတွေကို ဝင်ရောက်ဖမ်းဆီးတဲ့အခါ ရေလုပ်ငန်း လုပ်ကိုင်နေတဲ့ ဒေသခံအမျိုးသားအများစု ဖမ်းဆီးခံရလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။