ဧရာ၀တီတိုင်း၊ ဘိုကလေးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဒေသခံပြည်သူ ၅ ယောက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီတံဆိပ်ပါ အသုံးဆောင်ပစ္စည်းတွေ တွေ့ရှိမှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေထံက သိရပါတယ်။
ဧပြီ ၂၇ ရက်က ဘိုကလေးမြို့၊ အမှတ် ၄ ရပ်ကွက်၊ နှင်းဆီ ၇ လမ်းမှာ နေထိုင်တဲ့ ယောဂဆရာမ မနီလာနဲ့ ဘေးအိမ်က အမျိုးသား ၂ ယောက်ကို ဖမ်းဆီးခဲ့ပြီး နောက်တနေ့မှာ မငဲ့ကြီးကျေးရွာက အမျိုးသား ၂ ယောက်ကို ထပ်မံဖမ်းဆီးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ပထမနေ့ကမြို့ပေါ်မှာဖမ်းတာ အဓိကတော့ သတင်းပေးဒလန်တွေကြောင့်ပေါ့။ အိမ်ကို ဝင်ရှာတော့ ဖမ်းစရာ မရှိတော့။ အန်အယ်လ်ဒီနဲ့ပတ်သက်တဲ့ ပစ္စည်းတွေ တွေ့တယ်ဆိုပြီး ဖမ်းတာ။ နောက်နေ့မှ ရွာဘက်မှာ ဖမ်းတာ။ အားလုံး ၅ ယောက် အဖမ်းခံလိုက်ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေကို အန်အယ်လ်ဒီပါတီရဲ့ အသုံးဆောင်တွေဖြစ်တဲ့ အင်္ကျီတို့ ဦးထုပ်တို့ တွေ့လို့ စွပ်စွဲဖမ်းဆီးတာမျိုး ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
အန်အယ်လ်ဒီပါတီရဲ့တံဆိပ်ပါ အသုံးဆောင်ပစ္စည်းတွေ တွေ့လို့ ဖမ်းဆီးသွားတဲ့သူတွေထဲက ယောဂဆရာမနဲ့ အမျိုးသား ၂ ယောက်ကို ဧပြီ ၂၉ ရက်နေ့က ပြန်လွှတ်ပေးပြီး ကျန်တဲ့ အမျိုးသား ၂ ယောက်ကိုတော့ အကြမ်းဖက်ဥပဒေ၊ သဘာဝဘေးစီမံဥပဒေတွေနဲ့ အရေးယူထားတယ်လို့ သိရပါတယ်။