မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို မေလ ၃ ရက် ဒီနေ့မနက် ၁၀ နာရီခွဲလောက်က KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။
အဲဒီကင်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၁) တပ်ရင်း(၃)နဲ့ ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပါတယ်။
ရော်ဘာခြံအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီကင်းစခန်းကို KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ခြောက်လှန့် ပစ်ခတ်ပြီး ကင်းစခန်းကနေ စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သွားတာကြောင့် ကင်းစခန်းရှိတဲတွေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစုက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
အဲဒီစစ်ကောင်စီကင်းစခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ ၃၀ လောက် ကင်းပုန်းဝပ်နေတဲ့ စခန်းငယ် တစ်ခု ဖြစ်ပြီး မကြာခဏလာရောက် တပ်စွဲနေထိုင်လေ့ရှိတဲ့ စခန်းတစ်ခု ဖြစ်ပါတယ်။
ကေအန်ယူ တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတို့ကြား မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိနာနေတာ ဖြစ်ပါတယ်။