အာဆီယံ အထူးသံတမန်ရဲ့ မြန်မာပြည်ခရီးစဉ်ကို ပူးပေါင်းဆောင်ရွက်ပေးဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို တိုက်တွန်းလိုက်ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဆွန်ဒက်ဟွန်ဆန်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မေလ ၂ ရက်မနက်က Video Conferencing နဲ့ အွန်လိုင်းက တွေ့ဆုံဆွေးနွေးရာမှာ တိုက်တွန်းတောင်းဆိုခဲ့တာလို့ ကမ္ဘောဒီယားနိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားပါတယ်။
အခု မေလကုန်မှာ သွားရောက်နိုင်တံ့ အာဆီယံ ဥက္ကဋ္ဌရဲ့ အထူးသံတမန် ပရတ်ဆာခွန်းရဲ့ ဒုတိယအကြိမ် မြန်မာပြည်ခရီးစဉ်ကို ပူးပေါင်းဆောင်ရွက်ပေးဖို့၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် သက်ဆိုင်သူအားလုံးကို တွေ့ဆုံခွင့်ပေးပြီး အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု စတင်နိုင်တဲ့ ပတ်ဝန်းကျင်ကို ဖန်တီးပေးဖို့လည်း ဟွန်ဆန်က မြန်မာစစ်ခေါင်းဆောင်ကို တိုက်တွန်းခဲ့ပါတယ်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း နိုင်ငံရေးနယ်ပယ်ကသက်ဆိုင်သူတွေနဲ့ တွေ့ဆုံနိုင်အောင် ညှိနှိုင်းဆောင်ရွက်ပေးမယ်လို့ ကတိပြုပြောကြားခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးမယ်လို့တော့ ပြောဆိုတာ မရှိပါဘူး။
အာဆီယံ အထူးသံတမန် ပရတ်ဆာခွန်းရဲ့ ပထမအကြိမ် မြန်မာပြည်ခရီးစဉ်တုန်းကလည်း အလားတူ တောင်းဆိုခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်မရခဲ့ပါဘူး။
ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ပြီးခဲ့တဲ့ ဧပြီလ မြန်မာ့နှစ်သစ်ဆန်း ၁ ရက်က အကျဉ်းသား ၁၆၀၀ ကို စစ်ကောင်စီက ပြန်လွှတ်ပေးတာကို ကြိုဆို လိုက်ပြီး ဩစတေးလျ စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
ဝန်ကြီးချုပ်ဟွန်ဆန်နဲ့ မြန်မာစစ်ခေါင်းဆောင်တို့တွေ့ဆုံရာမှာ စစ်ခေါင်းဆောင်ကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ဖိတ်ခေါ်ထားတဲ့ကိစ္စ၊ အာဆီယံကပေးအပ်မယ့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီတွေ ဖြန့်ဝေရေးကိစ္စ၊၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေးကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ လည်း စစ်ကောင်စီပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။