( ၁ )
၁၉၉၁ ခု၊ “တောမှော်ရုံတက္ကသိုလ်” လို့ မိမိဘာသာ မိမိ နာမည်ပေးထားတဲ့ ‘မာနယ်ပလော´ မှာ ဗမာပြည်လက်နက်ကိုင် တော်လှန်ရေးသမိုင်းရဲ့ ပထမအကြိမ် ‘စာဆိုတော်နေ့အခမ်းအနား´ ကျင်းပခဲ့ပါတယ်။
ကျနော်က ၁၉၉၂ ခုနှစ်ထဲကျမှ မာနယ်ပလောကို ရောက်လာတာဆိုတော့ အဲဒီနှစ်က ပြုလုပ်သွားတဲ့ စာဆိုတော်နေ့ အခမ်းအနားကို မမီလိုက်ဘူးပေါ့။ ဒါပေမဲ့ အဲဒီအခမ်းအနားအကြောင်း ကြားရတဲ့ သတင်းက ကျနော့်ကို စိမ်းလန်းစေခဲ့တာတော့ အမှန်ပါပဲ။
အဲဒီ ပထမအကြိမ် စာဆိုတော်နေ့ အခမ်းအနားမှာ ကျနော် ချစ်ခင်လေးနက်ရတဲ့ စာရေးဆရာ ‘နိုင်ဝင်းဆွေ´က သူ့ရဲ့ ‘သုံးဘက်မြင်စစ်တမ်း´ စာတမ်းကို ဖတ်သွားတယ် ကြားရတော့ ပိုပြီး စိတ်လှုပ်ရှားခဲ့ရပါတယ်။
၁၉၉၂ ခု ဒီဇင်ဘာလထဲမှာ ဒုတိယအကြိမ် စာဆိုတော်နေ့ အခမ်းအနား မာနယ်ပလောမှာပဲ ကျင်းပနိုင်ပါတယ်။ ဦးစီးပြီး စည်းရုံးဆော်သြသူက အဘ ဦးဝင်းခက် (ဝင်းခက်-ရှုဒေါင့် ကွယ်လွန်) ဖြစ်ပါတယ်။ ဒီအခမ်းအနားမှာ ကျနော်က ကွယ်လွန်သူ ဆရာ‘မောင်သော်က´ ရဲ့ ‘ အနှစ်နှစ်ဆယ်´ ကဗျာကို စင်ပေါ်တက်ပြီး ရွတ်ဆိုခဲ့ပါတယ်။
၁၉၉၁ ခုနှစ်တုန်းက ပြုလုပ်တဲ့ စာဆိုတော်နေ့ အခမ်းအနား တက်ရောက်ခဲ့သူတွေရဲ့ ပြောစကားအရ ဆိုရင် အဲဒီနှစ်က ကျင်းပတဲ့ စာဆိုတော်နေ့ အခမ်းအနားမှာ ကဗျာဆရာ မောင်လွမ်းဏီက ကဗျာ တက်ရောက်ရွတ်ဆိုသွားခဲ့ပါတယ်။ အခု ဒုတိယအကြိမ် ကျင်းပတဲ့ ၁၉၉၂ ခု စာဆိုတော်နေ့ အခမ်းအနားမှာလည်း ကဗျာရွတ်တဲ့ အစီအစဉ် ပါခဲ့ပါတယ်။ ဒီလို ကဗျာရွတ်တဲ့ အစီအစဉ် ပါခွင့်ရတယ် ဆိုပေမဲ့လည်း ‘ကဗျာရွတ်ပွဲသက်သက်´ စီစဉ်ဆောင်ရွက်နိုင်တဲ့ သဘောတော့ မဟုတ်သေးပါဘူး။ တခြား ဖြေဖျော်မှုအစီအစဉ်တွေ၊ ဟောပြောမှု အစီစဉ်တွေနဲ့ ရောပြီး ဆောင်ရွက်နိုင်တဲ့ သဘောသာ ဖြစ်ပါတယ်။
အဲဒီ စာဆိုတော်နေ့ အခမ်းအနား ပြီးသွားတဲ့အခါ ကဗျာချစ်တဲ့ ကျနော်တို့ရဲ့ စိတ်ထဲမှာ ကျေနပ်ပြည့်ဝတဲ့ သဘောတော့ မရှိခဲ့ကြပါဘူး။ ကျနော်နဲ့ ရင်းနှီးခင်မင်သူ ကဗျာရေးသူ ကဗျာချစ်သူ တစုကတော့ ဒီလောက်နဲ့ မကျေနပ်နိုင်ခဲ့ကြပါဘူး။
ကျနော်တို့က ဒီမှာကျင်းပတဲ့ စာဆိုတော်နေ့ အခမ်းအနားကို တခြားနေရာတွေမှာ ကျင်းပလေ့ရှိတဲ့ ပုံစံနဲ့ မကျင်းပချင်ကြပါဘူး။ အထူးသဖြင့် စာပေသမားတွေ စာရေးဆရာတွေက စင်ပေါ်က ဟောတာပြောတာကို လူတွေက အောက်ကထိုင်ပြီး နားထောင်ရတဲ့ ပုံသဏ္ဌာန်ကို မကြိုက်ပါဘူး။
ဒါပေမဲ့လည်း မာနယ်ပလောမှာ ကျနော်တို့ရဲ့ အခြေအနေက သာမန်ရဲဘော် အောက်ခြေရဲဘော်တွေ ဖြစ်ပါတယ်။ ဘယ်အခမ်းအနားမျိုးကိုမဆို ကျနော်တို့ဆန္ဒ ကျနော်တို့ အင်အားနဲ့ အကောင်အထည်ဖော်လို့ မရနိုင်တဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း စာဆိုတော်နေ့ အခမ်းအနားကို ကဗျာရွတ်ပွဲတခုတည်းနဲ့ ကျင်းပချင်ကြတဲ့ ကျနော်တို့ရဲ့ဆန္ဒကို ပြည့်ဝအောင် မတိုက်တွန်းနိုင်ခဲ့ကြပါဘူး။
ဒီလိုနဲ့ ကဗျာဆရာ ထွဋ်ဦးလှိုင်၊ ပန်းချီဆရာ ကိုဒေါင်းနီ (ကွယ်လွန်) တို့နဲ့ ကျနော် ဟိုစဉ်တုန်းက ‘မာနယ်ပလော လေထန်ကုန်း´ လို့ ပြောခဲ့ကြတဲ့ ‘ထူးရာစိုး လက်ဘက်ရည်ဆိုင်´ မှာ ထိုင်ပြီး ရင်ဖွင့်ကြ တိုင်ပင်ဖြစ်ကြပါတယ်။ နောက်ထပ် စာဆိုတော်နေ့ အခမ်းအနား အစီအစဉ်လေးတခု ထပ်လုပ်ဖို့ အိပ်မက် မက်ကြည့်ကြပါတယ်။ တခြား ကဗျာချစ်သူ စာချစ်သူတွေဆီ လိုက်လံဆွေးနွေးညှိနှိုင်းပြီး ကဗျာရွတ်ပွဲတခုကို သောင်ရင်းမြစ်ကမ်း သောင်ပြင်မှာ ပြုလုပ်ကြဖို့ နေရာရွေးလိုက်ကြပါတယ်။
ဒီကဗျာရွတ်ပွဲလေးမှာ ကျနော်က ‘ဂျင်းသုပ် လက်ဖက်သုပ်´ နဲ့ ဧည့်ခံဖို့ တာဝန်ယူပါတယ်။ (ဒီတုန်းက အောက်ခြေရဲဘော်တွေဟာ လကုန်တဲ့ရက်မှာ တခါတလေ ဆေးလိပ်ဖိုးအဖြစ် ဘတ်ငွေ ၃၀ ရပါတယ်။ ကျနော်က ဆေးလိပ်မသောက်တတ်တော့ အဲဒီ ဘတ် ၃၀ နဲ့ နောက်ထပ် အလှူခံလို့ရတဲ့ ဘတ် ၆၀ ပေါင်းပြီး လက်ဘက်သုပ်နဲ့ ဧည့်ခံဖို့ တာဝန်ယူခဲ့တာပါ။) ကိုထွဋ်ဦးလှိုင်နဲ့ ကိုဒေါင်းနီက ‘ထင်း´ တာဝန်ယူပါတယ်။ စိတ်ဝင်စားနိုင်မယ်ထင်တဲ့ စာပေသမားတွေကို လိုက်လံ ဖိတ်ကြားလိုက်ကြပါတယ်။
ကျင်းပမယ့်နေ့နဲ့ အချိန်က နတ်တော်လဆန်း ၂ ရက်နေ့၊ ည ၈ နာရီ ဖြစ်ပါတယ်။ ကရင်လူငယ်အစည်းအရုံး ခန်းမဆောင်မှာ ကျင်းပတဲ့ စာဆိုတော်နေ့ ဟောပြောပွဲညရဲ့ နောက်တနေ့ည ဖြစ်ပါတယ်။ နေရာကတော့ သောင်ရင်းမြစ်ကမ်း သောင်ပြင်ပေါ်မှာ ဖြစ်ပါတယ်။
တောင်ကနေ မြောက်ဘက်ကို ဦးတည်စီးဆင်းတဲ့ ချစ်သော သောင်ရင်းမြစ်ဟာ အချိုးအကွေ့ပေါင်းများစွာကို လူးလွန့်ချိုးကွေ့ပြီး မြောက်ကနေ တောင်ဘက်ကို စီးဆင်းတဲ့ ရာဇဝင်ကြီးလှတဲ့ သံလွင်မြစ်ထဲ ခုန်ဆင်းသွားပါလိမ့်မယ်။
ကျနော်တို့က အဲသလို ပထဝီနိုင်ငံရေး အတွေးအခေါ်နိုင်ငံရေးအရ လေးနက်မြင့်မားလှတဲ့ ဘူမိနက်သန် မြေနေရာ ဖြစ်တယ်လို့ ကိုယ့်အတွေးနဲ့ကိုယ် ခံယူယုံကြည်ခဲ့ကြတာမို့ အဲဒီ သောင်ရင်းမြစ်ကမ်း သောင်ပြင်ပေါ်မှာ ပြုလုပ်မယ့် ကဗျာရွတ်ပွဲလေးဟာလည်း ပိုပြီး အဓိပ္ပာယ်တွေ ပြည့်ဝလေးနက်နေလိမ့်မယ်ဆိုတဲ့ အတွေးနဲ့ ကျနော်တို့အားလုံး စိတ်လှုပ်ရှား ရင်ခုန်နေခဲ့ကြပါတယ်။
( ၂ )
မင်္ဂလာပါ...
အစဉ်အလာကို ဖီဆန်
အာခံတဲ့ မြစ်မင်း
သောင်ရင်း သောင်ခုံ
ရုန်းကန်သူတို့ရဲ့ ကဗျာရွတ်သံ
လွင့်ပျံဟီးထ လဝါ လှုံတဲ့ ည။
(ဒေါင်းနီရဲ့ ပရမတ္ထ မီးလှုံပွဲ ကဗျာမှ...)
ကျနော်တို့တတွေ ကဗျာရွတ်ပွဲ စတင်တော့မယ်လုပ်တော့ လရောင်က သိပ်ပြီး အင်အားမကောင်းသေးပါဘူး။ ခတ်မှုန်မှုန်ပျပျလောက်သာ ရှိပါတယ်။ ကောင်းကင်မှာတော့ ကြယ်တွေ တွေ့နေရပါတယ်။ သောင်ရင်းမြစ်ထဲမှာ လရောင်လျော့လျော့ ကြယ်ရောင်ဖျော့ဖျော့က အစိတ်စိတ်အမြွှာမြွှာ ကွဲစင်ရင်း မျောပါလိမ့်လူးနေပါတယ်။
ဒီကြားထဲ နှင်းတွေက ဒီညကျကာမှ ပိုပြီး ထူထူထပ်ထပ် ကျနေသလားလို့လည်း ထင်ရပါတယ်။ လူ ၁၈ ယောက် ဝိုင်းစုပြီး ထိုင်နေကြတဲ့ ဝိုင်းရဲ့အလည်မှာ ထင်းမီးဖိုကြီးတခု ဖိုထားပါတယ်။ မီးညွန့်အဖျားက အပေါ်ကို တလွန့်လွန့်တက်နေပြီး တချက်တချက်မှာ မီးပွါးလေးတွေက မီးညွန့်ရဲ့အပေါ်ကို ဘေးကို လွင့်စင် ကျနေကြပါတယ်။
တအိအိ ပြိုကျလာနေတဲ့ နှင်းထု ဖြူညစ်ညစ်အောက်မှာ ကျနော်တို့ ဝိုင်းစုပြီး ထိုင်နေကြတာပါ။ ကုန်းပေါ်ကို လှမ်းကြည့်ရင် ပဒိုမန်းရှာ (ကွယ်လွန်) ရဲ့ အိမ်ကုန်းပေါ်က မီးရောင် နီပြပြကို နှင်းတွေကြားက မြင်နေရပါတယ်။ မာနယ်ပလောကုန်းမြင့် တဲတန်းလျားနဲ့ ကုန်းတန်းတွေဆီကို လှမ်းကြည့်တော့ နည်းနည်းလည်းဝေးတဲ့အပြင် သစ်ပင်တွေကွယ်နေလို့ ဘာကိုမှ မမြင်ရပါဘူး။
မာနယ်ပလောတခွင်လုံး နှင်းတွေအောက်မှာ မြုပ်ဝင် ပျောက်ကွယ်နေပါတယ်။ မာနယ်ပလောမှာ ဘယ်နေရာကပဲကြည်ကြည့် ခန့်ခန့်ထည်ထည် မြင့်မြင့်မားမား လှမ်းမြင်ရလေ့ရှိတဲ့ ‘ဘောနော်လေးတောင်´ ကြီးကိုတော့ မှုံမှုံဝါးဝါး စိမ်းစိမ်းပြပြ မြင်နေရပါတယ်။ တောင်မကြီးရဲ့ ခါးလယ်အောက်ခြေက 'လသာကုန်း' ကိုတော့ မမြင်ရသလောက် ဖြစ်နေပါတယ်။ သစ်ပင်တောတန်း တောင်ကုန်းတောင်ကြောအတိုင်း မီးရောင် နီကြောင်ကြောင်လေးတွေကို နေရာအနည်းငယ်စီခြားပြီး တလှုပ်လှုပ်နဲ့ မြင်နေရပါတယ်။ ပြီးတော့ အဲဒီ မီးရောင်တလှုပ်လှုပ်ဟာ ကောင်းကင်က တလက်လက် ပြိုးပြက်နေတဲ့ ကြယ်ကလေးတွေနဲ့ သွားပြီး တိုးကပ် ပေါင်းစပ်လိုက်ပါတယ်။
အခမ်းအနား မစတင်သေးခင် ထူးထူးခြားခြား ဘယ်သူမှ စကားကျယ်ကျယ် မပြောကြတာကိုလည်း သတိပြုမိလိုက်ပါတယ်။ သောင်ရင်းမြစ်ထဲက စက်လှေတစင်း ခုတ်မောင်းသွားတဲ့ စက်သံ၊ ငါးပွက်လို့ ကြားလိုက်ရတဲ့ ရေပွက်သံက ကျနော့်ရင်ကို ပိုပြီး လှုပ်ရှား လှိုင်းထစေပါတယ်။
ကျနော်က ကဗျာရွတ်ပွဲ ဘာကြောင့် လုပ်ရတယ်ဆိုတာ ရှင်းပြပါတယ်။ အမျိုးသားခေါင်းဆောင်ကြီး ‘ဗိုလ်ချုပ်အောင်ဆန်း´ ပြောဖူးတဲ့ စကားဖြစ်တဲ့ ‘အနုပညာမပါတဲ့ တော်လှန်ရေးဟာ စစ်မှန်တဲ့တော်လှန်ရေး မဟုတ်ဘူး´ ဆိုတဲ့စကားကို ကိုးကားပြီး အဲဒီစကားကိုလည်း လေးနက်နေမိတဲ့အကြောင်း ဖြည့်စွက်ပြီး စကားလမ်းခင်းလိုက်ပါတယ်။ ပြီးတော့မှ တယောက် တလှည့်စီ စကားနည်းနည်းဆီ ပြောပြီး ကဗျာရွတ်ကြဖို့ကို တိုက်တွန်းလိုက်ပါတယ်။
အခမ်းအနား တက်ရောက်လာသူတချို့က တေးသံရှင် ‘(ကို)မွန်းအောင်´ ကို သီချင်းကိုယ်တိုင် ဆိုတီးပြီး ကဗျာရွတ်ပွဲ အခမ်းအနားကို ဖွင့်လှစ်ပေးဖို့ တောင်းဆိုကြပါတယ်။ ကိုမွန်းအောင်က လက်ထဲက ဂစ်တာကို တချက်နှစ်ချက် ကြိုးညှိပြီး သူ့ရဲ့ နာမည်ကျော် ‘ငြိမ်းချမ်းရေးတိုက်ပွဲ´သီချင်း ဆိုပါတယ်။
ကျနော်တို့အားလုံး လရောင်ကိုမော့ကြည့်ရင်း ဈာန်ဝင်ခံစားမှုအပြည့်နဲ့ ဆိုနေတဲ့ ကိုမွန်းအောင်ရဲ့ သီချင်းသံအောက်မှာ ငြိမ်သက် စိတ်လှုပ်ရှားစွာ နားထောင်နေကြပါတယ်။
ကျနော်နဲ့ ကိုမွန်းအောင်က မျက်နှာချင်းဆိုင်နီးပါး ထိုင်နေကြတာဖြစ်တဲ့အပြင် မီးဖို မီးရောင်ကြောင့် သူ့ကို ကျနော် ထင်ထင်ရှားရှား တွေ့နေရပါတယ်။ နန်းဆွဲထားသလို ကြည်လင်ချိုအေးလှတဲ့ ကိုမွန်းအောင်ရဲ့အသံကို ကျနော် ပထမဦးဆုံးအကြိမ် အပြင်မှာ ကြားဖူးခြင်းပါပဲ။
ကိုမွန်းအောင် သီချင်းဆိုပြီးတဲ့အခါ ကိုညို (တောင်ငူ) က ကဗျာတပုဒ် ရွတ်ပါတယ်။ သူက ဆရာကြီးမင်းသုဝဏ်ရဲ့ ‘ဖိုးမောင်လာပြီ´ ကဗျာကို ရွတ်ပါတယ်။ ပြီးတော့ ကဗျာဆရာ ‘တိုက်အောင်´ (ကွယ်လွန်) က ဆရာ ‘ဇော်ဂျီ´ ရဲ့ ‘ပန်းပန်လျက်ပဲ´ ကဗျာကို ရွတ်ပါတယ်။ သူက ကဗျာမရွတ်သေးခင် ‘ကဗျာတပုဒ်မှာ ကဗျာမြောက်စေတဲ့ ကဗျာဖြစ်သွားစေတဲ့ စကားလုံး ဒါမှမဟုတ် ပါဒတခု ဒါမှမဟုတ် အပိုဒ်တပိုဒ် ပါကိုပါရမယ်လို့ ဆရာနိုင်ဝင်းဆွေက သူ့ကို ပြောဖူးတဲ့အကြောင်း´ စကားနည်းနည်း လမ်းခင်းပြီးမှ ပန်းပန်လျက်ပဲ ကဗျာကို ရွတ်တာပါ။ သူ့နောက်မှာတော့ ကိုစိုးဝင်းညို (ကွယ်လွန်)၊ ပြီးတော့ ကိုနိုင်နိုင်ထွန်း (ကွယ်လွန်)...၊ နောက်တော့ တယောက်ပြီးတယောက် ကဗျာတွေ ရွတ်ကြပါတယ်။ တချို့က ထရပ်ပြီး ရွတ်ပါတယ်။ တချို့ကတော့ ထိုင်လျက် ရွတ်ပါတယ်။
ဝေး
နွေးထွေးပီတိ
စကားမရှိ စာမသိနဲ့
ခံစားဖြည့်စု ဥရောပက ဒိန်ခဲနု။
(ဒေါင်းနီ ရဲ့ ပရမတ္ထ မီးလှုံပွဲ ကဗျာမှ...)
ကဗျာရွတ်ပွဲ စကတည်းက ကျနော်တို့ကြားမှာ ဥရောပသူ မျက်နှာဖြူ အမျိုးသမီးနှစ်ယောက် ဝင်ထိုင်နေတာ တွေ့ရပါတယ်။ တယောက်ကတော့ ဖင်လန်နိုင်ငံက ‘မင်ဂါ´ ဖြစ်ပါတယ်။ နောက်တယောက်က သူ့ရဲ့သူငယ်ချင်း လေယာဉ်မယ်လေး ဖြစ်တယ်လို့ သိရပါတယ်။
သူတို့နှစ်ယောက်ကို ဘယ်သူက ဖိတ်လိုက်တာလဲဆိုတာ ကျနော် မသိပါဘူး။ သူတို့က ဦးရမ်းမဂျီးတို့ တေးသံရှင် ကိုမွန်းအောင်တို့နဲ့ ရင်းနှီးကြသူတွေ ဖြစ်တာမို့ သူတို့နဲ့နွှယ်ပြီး ပါလာတာ ဖြစ်မယ်လို့ စဉ်းစားမိပါတယ်။ ကျနော်တို့ တယောက်ပြီးတယောက် ထပြီး ကဗျာတွေ ရွတ်နေကြတာ ကဗျာအကြောင်း ပြောနေကြတာကို ဘာသာစကားအရ သူတို့အနေနဲ့ တလုံးမှ နားမလည်နိုင်ပေမဲ့ ညဉ့်နက်လို့ လူတွေ အကုန်လုံးနီးပါး ထပြန်ကြတဲ့ အချိန်အထိ ထိုင်ပြီး နားထောင်သွားကြတဲ့ သူတို့ရဲ့ စိတ်ဝင်စားမှုကတော့ တကယ့်ကို အံ့သြဖို့ကောင်းပါတယ်။ ကျနော်တို့ရဲ့ ကဗျာရွတ်ဆိုတဲ့ အသံတွေ စိတ်လှုပ်ရှား ဈာန်ဝင်စီးမျောမှုတွေကို ခံစား လက်ခံယူနိုင်အောင် ကြိုးစားသွားတဲ့ သဘောလို့ ယူဆမိပါတယ်။
ဒီတုန်းက တယောက်ပြီးတယောက် ကဗျာတွေ ရွတ်ဆိုနေကြတဲ့အချိန် အဲဒီ ဥရောပပျိုဖြူနှစ်ယောက် စိတ်ဝင်တစား နားထောင်နေတာကို ကြည့်ပြီး တချိန်တုန်းက လွတ်လပ်ရေး အမျိုးသားခေါင်းဆောင်တဦးဖြစ်တဲ့ ‘ကိုဗဟိန်း´ ပြောခဲ့တဲ့ စကားတခွန်းကိုလည်း သတိရနေခဲ့မိပါသေးတယ်။ သူက ‘ဂီတမှာ လူမျိုးရယ်လို့ မရှိဘူး´ ဆိုတဲ့စကားပါ။ အခုလည်း ကျနော်တို့က ကဗျာတွေကို အသံ အနိမ့်အမြင့် အဆွဲအငင်နဲ့ ရွတ်ဆိုနေကြတာဖြစ်လို့ အဲဒီ ဥရောပပျိုဖြူနှစ်ဦးကလည်း ကျနော်တို့နဲ့အတူ ကဗျာရွတ်သံနောက် လိုက်ပါ စီးမျောနိုင်ခဲ့ကြတယ်လို့ ထင်မိပါတယ်။
ဒီကဗျာရွတ်ပွဲမှာ ကိုယ်ပိုင်ကဗျာရွတ်တဲ့သူ ၄ ယောက် ရှိပါတယ်။ ကဗျာဆရာ တိုက်အောင် (ကွယ်လွန်)၊ ပန်းချီဆရာ ကိုဒေါင်းနီ (ကွယ်လွန်)၊ ကိုထွဋ်ဦးလှိုင်နဲ့ ကျနော် ဖြစ်ပါတယ်။ ကျနော်တို့ ၄ ယောက်စလုံးက ကဗျာရွတ်ပွဲအတွက် ရည်ရွယ်ပြီး ဒီကဗျာတွေ ရေးခဲ့ကြတာပါ။
ကဗျာရွတ်တဲ့သူတွေ တယောက်ပြီးတယောက် ကဗျာရွတ်ကြ ကဗျာအကြောင်းပြောကြနဲ့ ညဉ့်နက်လာပါတယ်။ နှင်းတွေကလည်း ကျသထက် ကျလာပါတယ်။ လရောင်ကလည်း သာသထက် သာလာပါတယ်။ ကျနော်တို့အပေါ် ဖိနင်းထားတဲ့ နှင်းထုကြီးကို လရောင်က သူ့လက်နဲ့ ဖယ်ပေးဖို့ ကြိုးစားနေပါတယ်။ ဒါပေမဲ့လည်း ထပ်ထည့်စရာ ထင်းမရှိတော့တဲ့အခါ ညဉ့်နက်လာတာကလည်း တကြောင်း အအေးဒဏ်ကလည်း မခံမရပ်နိုင်အောင် ပြင်းထန်လာတာမို့ လူတချို့က ထပြန်ဖို့ ပြောလာကြပါတယ်။
လူတွေ အကုန်လုံးနီးပါး ပြန်သွားကြပါပြီ။ လူတွေ ပြန်သွားကြပေမဲ့ ကိုဒေါင်းနီ၊ ကိုထွဋ်ဦးလှိုင်နဲ့ ကျနော်ကတော့ မီးကျွင်းမီးကျန်လေး ဘေးနား ရှေ့တိုးထိုင်ရင်း လရောင်ကို မော့ကြည့်ရင်း အချမ်းဒဏ်ကို တောင့်ခံရင်း ကဗျာရွတ်ပွဲ အမြီးကို ဆက်ပြီး ဆွဲထားကြပါတယ်။ အိပ်မက်တွေ တခုပြီးတခု ဆက်ပြီး လွှတ်တင်ထားကြပါတယ်။ ကဗျာမီးကို ဆက်ပြီး လှုံကြပါတယ်။
ကျနော်တို့ ခေတ်ပေါ်ကဗျာအကြောင်း၊ မိုးဝေကဗျာလမ်းကြောင်း၊ ကဗျာအတတ်ပညာအကြောင်း၊ ခေတ်ပြိုင်လူ့အဖွဲ့အစည်းနဲ့ ကဗျာရဲ့အခန်းကဏ္ဍ...။ ကျနော်တို့ ငြင်းခုန်ခဲ့ကြပါတယ်။
ကမ္ဘာကြီးပေါ်က လူသားအဆန်ဆုံး လူသားတွေ ဖြစ်တယ်လို့ တင်စားပြောဆိုနိုင်တဲ့ ‘မြကန်´ ကဗျာကို ရေးဖွဲ့သွားတဲ့ ‘အမည်မသိ စာဆို´ အစ ‘မောင်ချောနွယ်´ အဆုံး၊ ချီလီကဗျာဆရာ ‘ပက်ပလိုနဲရူဒါ´ အစ တောင်အာဖရိက ကဗျာဆရာ ‘ဂါဗရီရယ် အိုဂါရာ´ အဆုံး... ကျနော်တို့ ဦးညွှတ် အလေးပြုလိုက်ကြပါတယ်။
မနက် ၃ နာရီထိုးပါပြီ။
လရောင်ကလည်း သောင်ပြင်ပေါ် ဖွေးဖွေးလှုပ်အောင် သာနေပါပြီ။
ကျနော်တို့ရှေ့က မီးဖိုမှာလည်း မီးကျွင်းမီးကျန် တစမှ မရှိတော့ပါဘူး။ ကျနော်တို့လည်းပဲ နှင်းထုကြီးအောက်မှာ လက်ကလေးတွေ ကိုယ်စီပိုက်ပြီး အချမ်းဒဏ်ကို တောင့်ခံထားရင်း ကျနော်တို့ရဲ့ ကိုယ်ပိုင်ကဗျာ ၃ ပုဒ်ကို နိဂုံးချုပ်အနေနဲ့ တယောက်ပြီးတယောက် ထပြီး တကယ့်ကို ခံစားမှုလှိုင်းထန်ထန်နဲ့ ရွတ်ဆိုလိုက်ကြပါတယ်။
တတောတတောင်လုံး ငြိမ်သက်တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်တခုလုံးကို ကျနော်တို့ရဲ့ ကဗျာရွတ်သံက လွှမ်းမိုး ရိုက်ခတ်နေခဲ့ပါတယ်။
လရောင်အောက်က သောင်ရင်းမြစ်ကမ်း သောင်ပြင်ပေါ်မှာ တောမှော်ရုံ တက္ကသိုလ်နယ်မြေရဲ့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ် ကဗျာရွတ်ပွဲဟာ မနက် ၃ နာရီထိုးတဲ့အခါ အောင်မြင်စွာ နိဂုံးချုပ်ပါတယ်။
ငြိမ်းဝေ(ကဗျာ့အိုးဝေ)