စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ တပင်ကောင်းရွာထဲကို ဧပြီ ၂၉ ရက် ည ၁၁ နာရီလောက်က စစ်ကောင်စီတပ်က အင်အား ၁၀၀ လောက်နဲ့ ဝင်ရောက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး လူနေအိမ် ၄၂ လုံးကိုမီးရှို့ဖျက်ဆီးခဲ့ကာ ရွာသားတချို့ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဒေသခံတဦးက “မိတဲ့သူ ၄၀၊ ၅၀ လောက်ကို ခေါ်သွားတာ ၊ သူတို့နားထားပြီးတော့ ရွာမီးရှို့၊ မီးရှို့ပြီးတော့ အခု အင်အား ၁၀၀ ကျော်ပါတဲ့ အဲဒီတပ်က ရွှေဘိုနယ် ညောင်ပင်သာဘက်ရောက်သွားပြီ။ ရွာကလူတွေ လူငယ်ပိုင်းပဲခေါ်သွားတယ်။ လက်နက်ထမ်းပိုးခိုင်းဖို့လို့ ထင်တယ်။ လူကြီးပိုင်းတွေ ထားခဲ့တယ်။ တပင်ကောင်းရွာက အိမ်ခြေ ၄၂ အိမ် မီးရှို့ သွားတယ်။ ဒေသခံတွေဘက်က ခုခံတာတွေ မလုပ်ဘဲနဲ့ ပြည်သူတွေကို ရက်ရက်စက်စက်လုပ်သွားတာပေါ့နော်” လို့ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ရွှေဘိုဘက်ကနေပြီးတော့ စစ်ကြောင်းထိုးလာတာဖြစ်ပြီး ည ဆယ့်တစ်နာရီလောက်မှာ ရွာကို စတင် မီးရှို့ဖျက်ဆီးခဲ့တာတဲ့အတွက် ဒေသခံရွာသားတွေက ထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမဲ့ မရှောင်နိုင်တဲ့သူတချို့ကတော့ အဖမ်းခံခဲ့ရတာပါ။
“ခင်ဦးရယ်၊ ရေဦးရယ်၊ ရွှေဘိုရယ် အဲဒီကတပ်တွေ ပေါင်းပြီးတော့ ထိုးနေတာ၊ သက်ကြီးရွယ်အိုတွေရော အကုန်လုံး ထမ်းပြီးတော့ ထွက်ပြေးရတာ ညတွင်းချင်း။ သူတို့က လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ ကျေးရွာအပြင်ကနေ ပစ်ပြီးတော့မှ ရွာထဲဝင်လာတာ။ ရွာထဲရှိတဲ့ လူတွေက အကုန်ထွက်ပြေးကြတာ၊ မပြေးမိတဲ့သူက ပိတ်မိသွားပြီး ဖမ်းပြီးခေါ်သွားတာ၊ အခုထက်ထိ ပြန်မလွတ်သေးဘူး။ သေလားရှင်လားတော့ မသိရသေးဘူး။ မိသားစုတွေက မျှော်နေတယ်။ စောင့်နေကြတယ်။”လို့ ပြောပါတယ်။
မေလ ၁ ရက် ညနေ ၄ နာရီလောက်ကလည်း ရေဦးဘက်ကလာတဲ့ စစ်ကောင်စီတပ်က ကား ၃ စီးနဲ့ ခင်ဦးမြို့နယ် အင်းပတ်ရွာကို ဝင်ရောက်လာပြီး လက်နက်တွေနဲ့ ပစ်ခတ်ခဲ့သလို ထွက်ပြေးတဲ့ရွာသားတွေကိုလည်း လိုက်လံပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။