“ကိုယ့်အနေနဲ့ ဒီသံသရာတရားတွေ၊ သင်္ခါရတရားတွေ၊ အနိစ္စ အနတ္တ တရားတွေကို ဒီနေ့သိမြင်သလိုများ ဟိုတုန်းက သိခဲ့မယ်ဆိုရင် ၁၉၆၂ ခုနှစ် မတ်လက ကိစ္စကို ကိုယ်မလုပ်ခဲ့ပါဘူး"
ဒီအပေါ်က စကားက အာဏာရှင်ဟောင်း ဦးနေဝင်းက ၁၉၉၅ ဇူလိုင်လထဲမှာ မိတ်ဆွေကြီး ဦးချစ်လှိုင် (ကိုကိုမောင်ကြီး) နဲ့ တွေ့တဲ့အချိန် ပြောခဲ့တဲ့ အာဏာရှင်တယောက်ရဲ့ သံဝေဂစကားပါ။
အဲဒီစကားထွက်လာတဲ့အချိန်မှာ ဦးနေဝင်းတင်မြှောက်ပေးလို့ စင်ပေါ်ရောက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး သန်းရွှေရဲ့ အာဏာစက် ပြင်းထန်နေချိန်ပေါ့။ ဦးနေဝင်းက ဦးသန်းရွှေကို စစ်ဦးစီးချုပ်နေရာကို ဘာကြောင့်ရွေးခဲ့လဲလို့ ကျနော့်အမြင် ခပ်လွယ်လွယ် ခပ်ရှင်းရှင်းနဲ့ပြောရမယ်ဆိုရင် သူအချိန်မရွေး ကြိုးကိုင်လို့ရမယ့်သူ၊ သူ့ပြောစကားနားထောင်မယ်လို့ ထင်ရတဲ့သူမျိုးကိုပဲ အာဏာအပ်နှင်းခဲ့တယ်။
ပြောရမယ်ဆိုရင် ဦးနေဝင်းက စစ်တပ်ခေါင်းဆောင်ပိုင်းအနေနဲ့ရော ပါတီမှာပါ ခေါင်းဆောင်အနေနဲ့ အချိန်ကြာမြင့်စွာ ဖြတ်သန်းဖူးတယ်။ အဲဒီတော့ စစ်တပ်ခေါင်းဆောင်ပိုင်းအနေနဲ့ တိုင်းပြည်မှာ ဘယ်လောက်ထိ အရေးပါလဲ (လက်နက်ရှိရင် အာဏာရှိတယ်ဆိုတဲ့အတွေးမျိုး) ဆိုတာကို ကောင်းကောင်းသိတဲ့သူမျိုး။ ဒါကြောင့် အရေးပါတဲ့နေရာကို သူယုံကြည်ရတဲ့သူ သူ့အကျိုးစီးပွားကို ရန်မရှာဘဲ ကာကွယ်ပေးမယ့်သူမျိုးကိုပဲ ရွေးချယ်ခဲ့တယ်။
ဒါပေမဲ့ လူ့စိတ် လူ့သဘော လူ့မနော ဆိုတာကြီးက ပုံသေနည်းလို တွက်ဆလို့မှမရတာကိုး။ ဒါကြောင့် နောက်ပိုင်းကာလတွေမှာ သူတင်မြှောက်ခဲ့တဲ့ အာဏာရှင် သန်းရွှေက သူ့ရဲ့ အကျိုးစီးပွားကို ထိလာမယ်လို့ သံသယရှိလာတဲ့အခါ ကျေးဇူးရှင်ဖြစ်တဲ့ ဦးနေဝင်းကိုတောင် မရှောင် ရန်ရှာဖို့ လုပ်လာခဲ့တယ်။ တကယ်လည်းလုပ်ခဲ့တာပဲ။ ဒီအချိန်မှာ အာဏာရှင်ဟောင်းတစ်ယောက်က သံဝေဂစပြီး ရခဲ့တာပါပဲ။
စစ်တပ်ကို မလိုလားတဲ့ အတိုက်ခံတွေဘက်မှာက ခေါင်းဆောင်ရှားနေပေမယ့် ခေါင်းဆောင်တွေကို နေရာမပေးခဲ့ကြပေမယ့် စစ်တပ်မှာကတော့ တဗိုလ်ဆင်း တဗိုလ်တက်ပါပဲ။ ဦးနေဝင်းမရှိရင် ဦးသန်းရွှေဆိုတာ ပေါ်လာသလို ဦးသန်းရွှေမရှိတော့ရင်လည်း မင်းအောင်လှိုင်ဆိုတာ ပေါ်လာတာပါပဲ၊ မင်းအောင်လှိုင်မရှိရင်လည်း နောက်ထပ် အာဏာရှင်တစ်ယောက် ထပ်ပေါ်လာမှာ အသေအချာပဲ။ သူတို့က အာဏာရော၊ အကျိုးစီးပွားပါ အထက်အောက်အဆင့်ဆင့် အချိတ်အဆက် ခွဲဝေမှုနဲ့ သွားနေတဲ့ အဖွဲ့အစည်းကြီး ဖြစ်တဲ့အတွက် အာဏာရှင် တယောက်ဆင်းမယ်ဆိုနဲ့ နောက်ထပ် အာဏာရှင်တယောက် အမြဲအဆင်သင့်ရှိနေတာပါပဲ။ ဒါကတော့ တော်လှန်ရေးအင်အားစုတွေနဲ့ ကွာတဲ့အချက်ပါ။
ခေတ်အဆက်ဆက် စစ်တပ်ရဲ့ အာဏာလွှဲပြောင်းမှုပုံစံကိုကြည့်တဲ့အခါ စီနီယာ ဂျူနီယာအလိုက် အာဏာ လွှဲပြောင်းပေးခဲ့တာမျိုးကို မတွေ့ရဘဲ ကိုယ်ယုံကြည်စိတ်ချရတဲ့သူကိုသာ လက်သိပ်ထိုး ပရိုမိုးရှင်းတွေပေးပြီး ရော့အင့် ဟပ်ချလောင်းဆိုပြီး တန်းပေးခဲ့တာတွေကို တွေ့ရတယ်။ မိုးကျရွှေကိုယ်တွေပေါ့။
အဓိကအချက်က အပေါ်မှာပြောခဲ့သလိုပဲ ပုလ္လင်ပေါ်က ဆင်းခဲ့ရပေမယ့် သူတို့အကျိုးစီးပွားတွေကို ဆက်လက်ကာကွယ်ပေးမယ့်သူ၊ သူတို့အမိန့်တွေကို နာခံမယ့်သူတွေကိုသာ ထိပ်ခေါက်ရွေးပြီး နေရာပေးခဲ့ကြတာချည်းပဲ။ နောက်ပိုင်းမှသာ ကိုယ်မွေးတဲ့မျောက် ကိုယ်မနိုင်တဲ့ဇာတ်တွေ ဖြစ်ကြတာပေါ့။
ဆိုတော့ ဦးသန်းရွှေအနေနဲ့ နောက်ထပ်တခြားလူကို အာဏာမလွှဲခင်မှာ ဦးနေဝင်းကို သူပြုမူခဲ့သလိုမျိုး ဝဋ်ပြန်လည်မှာ ဒါမှမဟုတ် သမိုင်းဘီး တပတ် ပြန်လည်မလားဆိုတဲ့ အချက်ကို ကောင်းကောင်းတွက်ဆခဲ့မှာပဲ။ ဒါကြောင့် စီနီယာပေါင်းများစွာရှိတဲ့အထဲက ခုန်ပေါက်ကျော်လွှားပြီး မင်းအောင်လှိုင်လက်ထဲကို အာဏာအပ်နှင်းခဲ့တယ်။ ဒီအပေါ်မှာ အာဏာမလွှဲပြောင်းခင် သူတို့နှစ်ယောက်က ဘယ်လောက်ထိ ပတ်သက်ခဲ့တယ်၊ နောက်ကွယ်မှာ ဘာတွေ အပေးအယူ ကတိကဝတ်တွေ ရှိမလဲဆိုတဲ့အချက်က စိတ်ဝင်စားစရာအချက်ဖြစ်တယ်။ မင်းအောင်လှိုင်အနေနဲ့လည်း ဦးသန်းရွှေရဲ့ကျေးဇူးကို မေ့လို့မရဘူးဆိုပြီးတော့ ၂၀၁၅ ခုနှစ်က လူသိရှင်ကြား ထုတ်ဖော်ပြောကြားလာခဲ့ရတယ်။
အခုတော့ ဘုရင်ရူး အာဏာရူးနေတဲ့ မင်းအောင်လှိုင်က ဒီမိုကရေစီအစိုးရလက်ထက်မှာ သူတို့အကျိုးစီးပွားတွေ ထိခိုက်မှာစိုးလို့ အာဏာသိမ်းပိုက်ခဲ့တယ်။ အဲဒီလို အာဏာသိမ်းတာနဲ့ ပတ်သက်လို့ ဦးသန်းရွှေတို့ အာဏာရှင်ဟောင်းကြီးတွေက ဘယ်လိုများ မှတ်ချက်ပေးမလဲဆိုတာ သတင်းသမားတယောက်အနေနဲ့ အရမ်းသိချင်မိတယ်။ သူမွေးတဲ့မျောက် သူမနိုင်ဖြစ်နေပြီလား ဒါမှမဟုတ် သမိုင်းဘီး နောက်တပတ် လည်ပြီလား။
အခုဆို တပြည်လုံးအတိုင်းတာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အစွမ်းကုန် တိုက်ပွဲဝင်နေသလို နေရာပေါင်းစုံမှာ အကြမ်းဖက်စစ်ကောင်စီက အထိအခိုက်တွေများလာတာ တွေ့ရတယ်။ ပြည်သူတွေရဲ့ တော်လှန်မှုနဲ့ စစ်အာဏာရှင်တွေရဲ့နေဝင်ချိန်က နီးသထက်နီးလာနေပြီ။ သက်သေအနေနဲ့ မင်းအောင်လှိုင်က လူပလီပီပီ တိုင်းရင်းသားတွေကို ငြိမ်းချမ်းရေး ဆွေးနွေးမယ်ဆိုပြီး သူကိုယ်တိုင် လူလုံးထွက်ပြပြီး ကြေညာလိုက်ရတဲ့အဆင့်ထိ ဖြစ်လာခဲ့တယ်။
ဒါက သူတို့ဘက်က အရေးနိမ့်လာတဲ့အခါမျိုးတွေမှာ ထုတ်သုံးတတ်တဲ့ဗျူဟာမျိုး၊ စေတနာမမှန်တဲ့ စစ်တပ်ရဲ့ အမူအကျင့်တွေကို နှစ်ပေါင်းများစွာ နောကျေလာတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလည်း မေ့မှာမဟုတ်ဘူးလို့ ကျနော်ကတော့မြင်တယ်။
ဒီပွဲမှာ အာဏာသိမ်းစစ်တပ်သာ အရေးနိမ့်သွားမယ်၊ ကျရှုံးသွားမယ်ဆိုရင် သေချာတယ် သူတို့ အနှစ်နှစ်အလလ စစ်တပ်အာဏာတည်မြဲရေးအတွက် ရေးဆွဲထားတဲ့ ၂၀၀၈ နာဂစ်ဥပဒေကတော့ ပျက်ပြယ်သွားမှာပဲ။ အဲဒီလိုဖွဲ့စည်းပုံပျက်ပြယ်တဲ့အခါ မြန်မာပြည်မှာ အာဏာရှင်လူတစ်စုအတွက် ကျိန်းသေနေရာမရှိတော့ဘူး။
ဒီအခြေအနေတွေကို သက်ရှိထင်ရှားရှိပြီး မသေသေးတဲ့ အာဏာရှင်ဟောင်း သန်းရွှေက ဘယ်လိုတွေ သုံးသပ်ထားလဲ။ သူ့သဘော ဆန္ဒကရော ဘယ်လိုရှိလဲ။
အာဏာရှင်ဟောင်း သန်းရွှေကရော မင်းအောင်လှိုင်ကို ထိန်းလို့မရတော့လို့ ဦးနေဝင်းတုန်းကလို သံသရာတရားတွေ၊ သင်္ခါရတရားတွေ၊ အနိစ္စ အနတ္တ တရားတွေမြင်လာပြီလား။ သူမွေးတဲ့မျောက် သူပြန်မနိုင်ဖြစ်လို့ နောင်တရနေပြီလား ဒါမှမဟုတ် သူကိုယ်တိုင်ကိုယ်က အာဏာသိမ်းဖို့သဘောတူခဲ့တာလား။
အဲဒါမှမဟုတ်ရင်တော့ ဦးနေဝင်းတုန်းက သူပြုမူခဲ့သလို သမိုင်းဘီးတပတ် ပြန်လည်မှာကြောက်လို့ နိုင်ငံရေးလောကထဲက အပြီးပိုင်ထွက်ခွာပြီး ပြည်သူတွေအပေါ်ကုပ်သွေးစုပ်ပြီး ရှာဖွေထားတဲ့ သားစဉ်မြေးဆက်စားမကုန်တဲ့ စည်းစိမ်တွေနဲ့ ကျေနပ်လိုက်ပြီလားဆိုတဲ့ သူ့အပေါ်မေးချင်တဲ့ မေးခွန်းတွေကတော့ သတင်းသမားတယောက်ခေါင်းထဲ အပြည့်ဖြစ်လို့နေဆဲပါပဲ။
အောင်ကျော်