မကွေးတိုင်း ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းကို ဧပြီ ၂၈ ရက်နေ့မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး စခန်းသိမ်းတိုက်ပွဲ ပြုလုပ်ခဲ့တယ်လို့ ရေစကြိုမြို့နယ်အခြေစိုက် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ဧပြီ ၂၉ ရက်နေ့ ရက်စွဲ နဲ့ ထုတ်ပြန်ထားပါတယ်။
ရေစကြိုမြို့နယ် ပခန်းငယ်ရဲစခန်းကို ဧပြီ ၂၈ ရက်နေ့ မနက် ၁၁ နာရီကျော်ကနေ ၁၂ နာရီလောက်အထိ ဒေသကာကွယ်ရေး ညီနောင်မဟာမိတ်တပ်တွေပူးပေါင်ပြီး ဝင်ရောက်စီနင်း တိုက်ခိုက်ခဲ့တယ်လို့ သိန်ငှက်ပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။
“အဲဒီရဲစခန်မှာ စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီးအင်အား ၄၀ လောက်စခန်းချထားတယ်ဗျ။ ဘန်ကာနဲ့ ဆပ်သွယ်ရေးတူးမြောင်းတွေ အခိုင်မာပြုလုပ်ထားတယ်၊ စနိုက်ပါပစ်စင်နဲ့ ရဲစခန်းအခြေမှာ မြေမြှုပ်မိုင်းတွေလည်း မြှုပ်ထားကြတယ်။ ကျနော်တို့ မဟာမိတ်တပ်ဖွဲ့တွေဘက်က RPG ၂ လုံး၊ ၄၀ မမ ၇ လုံး စက်လက်တွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က ကား ၃ စီးနဲ့ တပ်ကူတွေရောက်လာလို့ စခန်းကို သိမ်းပိုက်ရခါနီးမှာ ပြန်လည်ဆုတ်ခွာပေးခဲ့ရတယ်။”
အဲဒီတိုက်ပွဲအတွင်း ရဲစခန်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူစောထီး ၁၄ ယောက်သေဆုံးကာ ၃ ယောက်ဒဏ်ရာရရှိခဲ့ပြီး ညီနောင်မဟာမိတ်တပ်ဖွဲ့တွေဘက်က အထိခိုက် အကျဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
အဲဒီတိုက်ပွဲကို သိန်ငှက်ပြောက်ကျားတပ်ဖွဲ့၊ Poenix အထူးပြောက်ကျားတပ်၊ မြင်းခြံခရိုင် တပ်ရင်း ၃၊ MSPDF၊11 Brothers Revolution Force၊27 Revolution Force၊မြောင်မြို့နယ် ကျေးရွာတပ်ပေါင်းစု၊ သွေးသောက်တော်လှန်ရေးတပ်ဖွဲ့ နဲ့ ဒေါင်းညီနောင်တပ်ဖွဲ့တို့က ပူးပေါင်းထိုးစစ်ဆင်ခဲ့တာလို့ ပြောပါတယ်။
အဲဒီရဲစခန်းကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၃ ရက်နေ့မှာလည်း ညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်းသိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခဲ့သလို လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ရဲစခန်းတွေ မကြာခဏတိုက်ခိုက် သိမ်းပိုက်ခံနေရတာဖြစ်လို့ ရဲစခန်းလိုင်းခန်တွေမှာ ဇနီးနဲ့ မိသားစုဝင်တွေ နေထိုင်ခြင်းမပြုကြဖို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်က ညွှန်ကြားထားတယ်လို့ တပ်တွင်း သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့ အခြေနေကို သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို သူတို့ရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခုမှာတော့ ပခန်းငယ်ရဲစခန်းကို PDF အကြမ်းဖက်သောင်းကျန်းသူအဖွဲ့က အင်အားအများအပြားနဲ့ လာရောက်တိုက်ခိုက်ပြီး ရဲတပ်ဖွဲ့ဝင်တွေ ပြန်လည်ခုခံလို့ အများအပြားဒဏ်ရာရရှိကာ ဆုတ်ခွာထွက်ပြေးသွားတယ်လို့ ဖော်ပြထားပါတယ်။