ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ အမှတ် ၄ ရပ်ကွက်အနောက်၊ မချောလေးတောင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေကို KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ ဧပြီ ၂၉ ရက် ည ၇ နာရီလောက်က တကျော့ပြန် လက်နက်ကြီးပစ်ခတ်မှုတွေနဲ့အတူ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နှစ်ဖက်လက်နက်ကြီး အပြန်အလှန်ပစ်ခတ်နေတာတွေကြောင့် အနီးအနားနေထိုင်ကြတဲ့ ရပ်ကွက်နေပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်ဖို့ ကြိုးစားပေမယ့် တိုက်ပွဲတွေကြား ပိတ်မိနေတယ်လို့ ဆိုပါတယ်။
မြဝတီမြို့၊ အမှတ် ၄ ရပ်ကွက်သားတဦးက “တိုက်ပွဲစဖြစ်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပါလာတယ်။ လက်နက်ကြီးနဲ့ပစ်ခတ်နေတော့ အိမ်ထဲမှာနေမရဲလို့ ထွက်ဖို့ကြိုးစားရင် ပိတ်မိနေတဲ့သူတွေလည်းရှိတယ်။ တိုက်ပွဲဖြစ်တာက ပြင်းပြင်းထန်ထန်ပဲ” လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲကြောင့် ရပ်ကွက်နေပြည်သူဟာ ဟေမာန်ဦး၊ ကြက်ခတ်တောရ၊ မြေနီကုန်းဘုန်ကြီးကျောင်းနဲ့ ဆွေမျိုးတွေနေအိမ်ကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ တိမ်းရှောင်နေသူတွေက ပြောပါတယ်။
အဆိုပါတိုက်ပွဲဟာ မနက်ပိုင်းက စတင်ပြီးဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ BGF တပ်ဖွဲ့ဝင်တွေ သေဆုံးသူများပြားနိုင်သလို အရပ်သားပြည်သူတွေပါ ထိမှန်သေဆုံးနိုင်တယ်လို့ ကေအန်ယူ သတင်းရင်းမြစ်က ဆိုပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ အာရှလမ်းမပေါ်နဲ့ မြို့တွင်းလမ်းမပေါ်တွေမှာ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဖွဲ့ဝင် အများအပြားဟာ လုံခြုံရေးရယူပြီး လှည့်လည်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တပ်မဟာ ၁ ၊ ၂၊ ၅၊ ၆ ထိန်းချုပ်နယ်မြေတွေအတွင်းကနေ စစ်ကောင်စီတပ်စခန်းတွေ သတ်မှတ်ရက်အတွင်း အပြီးထွက်ခွာဖို့အသိပေးပြီးနောက် စခန်းမဆုတ်ခွာတဲ့အတွက် တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေတာပါ။
ကေအန်ယူအနေနဲ့ ခုခံစစ်ကနေ တိုက်စစ်အသွင်းပြောင်းပြီး စစ်ကောင်စီတပ်စခန်းတွေကို ဝင်ရောက်တိုက်ခဲ့ရာ နယ်မြေ ၉၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ခဲ့တဲ့အပြင် အုပ်ချုပ်ရေးနယ်မြေတွေပါ တည်ဆောက်နိုင်ဖို့နဲ့ နယ်မြေအားလုံးထိန်းချုပ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။