စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တပ်ဖွဲ့တွေ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေပြီး ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသလို ဒိုးနွယ်ကျေးရွာက မြစ်သာမြစ်ကူးတံတားပေါ် ဒေသခံတွေ ဖြတ်ကူးစဉ် တံတားကျိုးကျတာကြောင့် ၇ ဦး သေဆုံး၊ ၂ ယောက် ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဧပြီ ၂၈ ရက် မနက်ပိုင်းကစပြီး ကလေးမြို့နယ်တောင်ပိုင်း မြောက်စည်းရွာဘက်ကနေ အရှေ့စည်းရွာ၊ အောင်မင်္ဂလာရွာနဲ့ အောင်သာယာရွာတွေဘက်ကို လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်ပြီး စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ မြောက်စည်းကျေးရွာတွင်းကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ကျေးရွာတွင်းက လူနေအိမ် ၂ လုံး လက်နက်ကြီးကျပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေကြောင့် တင်သားအုပ်စု ကျေးရွာ ၄ ရွာက ဒေသခံ ၁ သောင်းကျော်ဟာ ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရကာ အခက်အခဲတွေ ဖြစ်ပေါ်နေပါတယ်။
ကလေးမြို့နယ် ဒိုးနွယ်ကျေးရွာဘက်မှာလည်း ဧပြီ ၂၇ ရက် မနက်က တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဒေသခံ ကျေးရွာသားတွေ တိုက်ပွဲရှောင်ဖို့ ပြေးလွှားကြရင်း ဒိုးနွယ်က မြစ်သာမြစ်ကူးတံတားကို ဖြတ်ကူးကြစဉ် တံတားကျိုးကျပြီး လူ ၇ ဦးသေဆုံး၊ ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"သစ်သား၊ ပျဉ်တိုပျဉ်စ၊ ဝါးနဲ့ ယာယီဆောက်ထားတဲ့ တံတားပေါ် ဆိုင်ကယ်တွေ ဖြတ်မောင်းကြစဉ် ကျိုးကျတာလို့ သိရတယ်။ တိုက်ပွဲဖြစ်နေတာကြောင့် အလောင်းတွေ မကောက်နိုင်သေးဘူး" လို့ အရှေ့စည်းရွာ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပွဲက ပြင်းထန်နေပြီး ဘေးလွတ်ရာ တောတောင်တွေကို ပြေးလွှားနေရတာကြောင့် မနေ့က မှ အလောင်းတွေပြန်ကောက်နိုင်ပြီး ရေထဲမျောပါ ပျောက်ဆုံးသွားသူ ၂ ဦးကို ဒီနေ့အထိ ရှာမတွေ့သေးဘူးလို့ ဆိုပါတယ်။
အဲဒီ ဒိုးနွယ် မြစ်သာမြစ်ကူးတံတားမှာ မနှစ်ကနဲ့ အခုနှစ် လဆန်းပိုင်းတွေကလည်း ဆိုင်ကယ်ဖြတ်မောင်းသူတွေ တံတားပေါ်က ဆိုင်ကယ်တွေပြုတ်ကျပြီး သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။
ကလေးမြို့နယ်က တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့တဲ့ အရှေ့စည်းရွာ အနီးဝန်းကျင်ကို ဧပြီ ၂၇ ရက်မှာ ကလေး PDF တပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး ဝင်ရောက်ခဲ့တယ်လို့ ကလေး PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
"တိုက်ပွဲအပြီးမှာ ကျနော်တို့တပ်ဖွဲ့က နယ်မြေရှင်းလင်းသွားရာမှာ အလောင်းတွေ တွေ့ခဲ့ရတယ်၊ လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်။ တိုက်ပွဲကလည်း ဆက်လက်ပြင်းထန်နေတုန်းပဲ။"
အဆိုပါတိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား အလောင်း ၇ လောင်းနဲ့အတူ MA မောင်းပြန် ၁ လက်၊ MA ကျည်အိမ် ၈ ခု၊ ၅ ဒသမ ၅၆ ကျည် ၅၀၀ တောင့်၊ အီနာဂါဗုံးသီး ၁ လုံး၊ ၆၀ မမ ဗုံးသီး ၂ လုံး၊ ဖုန်း ၃ လုံး၊ စကားပြောစက် ၂ လုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ကလေး PDF က ထုတ်ပြန်ပါတယ်။
ကလေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်သားတွေဟာ ဒေသခံ ပြည်သူလူထုကို ဖမ်းဆီးသတ်ဖြတ်တာ၊ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်နေတာကြောင့် ဒေသခံ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်သားတွေ စစ်ကြောင်းထိုးရာ လမ်းကြောင်းတလျှောက်မှာ နေထိုင်ခြင်းမပြုကြဖို့နဲ့ ခရီးသွားပြည်သူတွေ အနေနဲ့ လက်ရှိ ကလေးမြို့နယ်တွင်း စစ်ရေးတင်းမာနေတာကြောင့် ကလေး-ဂန့်ဂေါလမ်းကြောင်းကို အသုံးမပြုကြဖို့ကိုလည်း ကလေး PDF တပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ထားပါတယ်။