တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကြက်ယက်တွင်းကျေးရွာအနီး ထားဝယ်-ရှင်မော် ကားလမ်းမပေါ်မှာ ဧပြီ ၂၈ ရက် မနက် ၁၀ နာရီခွဲလောက်က စစ်တပ်ပိုင် မိုင်တဲလ်တာဝါတိုင်တွေမှာ ဆီလိုက်ဖြည့်တဲ့ ကားတစီး မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (LLPDF) က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ယာဉ်မောင်းနှစ်ဦးကိုတော့ စစ်ဆေးမှုပြုလုပ်ကာ ပြန်လွှတ်ပေးလိုက်တယ်လို့ LLPDF က ထုတ်ပြန်ထားပါတယ်။
ဒေသခံတဦးကတော့ "ကြက်ယက်တွင်းရွာထဲက မိုင်တဲလ်တာဝါတိုင်မှာ ဆီလာဖြည့်ပြီး ပြန်အထွက်မှာပဲ တားပြီး မီးရှို့ခံရတာ၊ ယာဉ်မောင်းနှစ်ဦးကို လွှတ်လိုက်ပြီးမှ ရှို့တာ၊ ကားတော့ ပြာကျသွားတယ်" လို့ ပြောပါတယ်။
လောင်းလုံးမြို့နယ်ထဲက မိုင်တဲလ်တာဝါတိုင်တွေမှာ စစ်တပ်က ခြေနင်းမိုင်းတွေ ထောင်ထားပြီး လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း အောက်ရေဖြူကျေးရွာအတွင်းရှိ မိုင်တဲလ်တာဝါတိုင်တခုမှာ နွားတက်နင်းမိလို့ မိုင်းပေါက်ကွဲခဲ့ပါသေးတယ်။
ဧပြီ ၂၁ ရက်ကလည်း ထားဝယ်မြို့ပေါ်က မိုင်တဲလ်အရောင်းပြခန်း ဝင်ရောက်စီးနင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။