ဘားအံမြို့နယ်ထဲမှာ နာမည်ကျော် မိဆိုင်းကျောက်တောင်ဆိုတာ ရှိတယ်။ ကျနော့်မှန်းဆချက်အရ ဆိုရင် ဒီတောင်က ဒုံသမိချောင်းနဲ့ မဲပလိချောင်း ချောင်းနှစ်ခုကြား တောင် မြောက် တန်းနေတဲ့သဘော ရှိတယ်။
တောင်ထိပ်ကြောတနေရာမှာ အဲဒီတုန်းက KNU ဘားအံမြို့နယ် ဥက္ကဋ္ဌနဲ့ လက်နက်ကိုင်တပ်ဖွဲ့ အယောက် ၃၀ လောက် လျှို့ဝှက်စခန်းချထားတာ ရှိတယ်။ ဒီတောင်ကြောက တောင်ခြေကနေ တောင်ပေါ်ရောက်ဖို့ လမ်းသက်သက်ရယ်လို့တော့ မရှိဘူး။ တယောက်ချင်း ခဲရာခဲစစ် ကျောက်ချွန်ကျောက်ခက်တွေကို တွယ်ဖက်ပြီး တက်သွားမှ ရတယ်။
ဒီနေရာမှာ ဗိုလ်နေဝင်းက ရုရှားစစ်အကြံပေးတွေရဲ့ အကြံပေးချက်နဲ့ ဖြတ်လေးဖြတ် စစ်ဆင်ရေး လုပ်စဉ်က ပဒိုသာထူးကျော် (နောင် DKBA ပေါ်လာတော့ ဥက္ကဋ္ဌဖြစ်လာသူ) နဲ့ အဖွဲ့ဟာ အဲဒီတောင်ကြောထိပ်မှာ တောင်အောက်ကို လုံးဝပြန်မဆင်းဘဲ ၂ နှစ်ကျော် ခိုလှုံနေခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတောင်ကြောပေါ်မှာ လူ ၃၀ ကျော်အတွက် စပါးစိုက်လို့ ရတယ်။ ကျန်သီးနှံ အကုန်စိုက်ပြီး ခိုလှုံ ပုန်းအောင်နေခဲ့ကြတာတဲ့။ ကဲ ဒါတော့ ထားတော့။ နောင်ကြုံမှ ဆက်ပြောပါဦးမယ်။ အဓိကပြောချင်တာက ဒါ မဟုတ်ပါဘူး။ ကျနော် ပြောချင်တာက ကြောက်ဖို့လည်းကောင်း၊ ပျော်ဖို့လည်းကောင်းတဲ့ မိဆိုင်းကျောက်တောင်ဘုရား “ဗုဒ္ဓပူဇနိယဘုရားပွဲ” အကြောင်း ပြောပြချင်လို့ပါ။
မိဆိုင်းကျောက်တောင်ရဲ့ တခြား ခြေကျင် တနာရီကျော်လောက် တက်သွားရင် ရောက်တဲ့ တောင်ကြောပေါ်မှာ ဘုရားတဆူနဲ့ ဘုန်းတော်ကြီးကျောင်း ရှိတယ်။ တောင်ခြေကျေးရွာအားလုံး အဲဒီဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော်ဘုရားကို ကိုးကွယ်ကြတယ်။ ဒီတောင်ပေါ်ဘုရား တည်ရှိရာနေရာ တောင်ထိပ်အထိ တောင်တက် လူသွားလမ်းကောင်း ရှိတယ်။ တပ်မဟာမှူး ဗိုလ်ချုပ်ကျော်လင်းက ဘုရားပွဲ လေ့လာရအောင်ဆိုပြီး တောင်ပေါ်ဘုရားအထိ သူနဲ့အတူ ကျနော့်ကို ခေါ်သွားတာပါ။
တောင်ပေါ်လမ်းမှာ ဘုရားဖူးလာကြတဲ့ ကရင်တိုင်းရင်းသားတွေ အုပ်လိုက် တွေ့ရပါတယ်။ အပျို လူပျိုအရွယ်ရယ်လို့ မဟုတ်ဘဲ လူကြီး ကလေးကအစ လူတိုင်းလိုလို မျက်နှာကို ပေါင်ဒါရေဖျော်ပြီး သနပ်ခါးလိမ်းသလို လိမ်းထားကြပါတယ်။ လူငယ်လူရွယ်တချို့က လက်ဆွဲကက်ဆက် ကိုယ်စီဆွဲရင်း ကရင်သီချင်းတွေ ဆူညံနေအောင် အပြိုင်အဆိုင် ဖွင့်ကြပါတယ်။
ကျနော်ရောက်သွားတဲ့အချိန်က မိဆိုင်းကျောက်တောင် ဘုရားပွဲရက်နဲ့ သွားတိုက်ဆိုင်ပါတယ်။ ဒီနှစ်ပြုလုပ်တဲ့ ဘုရားပွဲတော်ကို KNU ဗဟိုက အဓိက အလှူငွေ မတည်လှူဒါန်းပြီး ပွဲတော်ကျင်းပနိုင်အောင် စီစဉ်ပေးတာပါ။ KNU နိုင်ငံခြားရေးတာဝန်ခံ ဒေါက်တာမာတာ ခေါင်းဆောင်တဲ့အဖွဲ့ မာနယ်ပလောမှ ရောက်လာပြီး ဘုရားပွဲတော် ဖွင့်လှစ်ပေးခဲ့တာပါ။
တောင်ပေါ်ဘုရား စေတီကုန်းပေါ်မှာ အတော်အတန်ကြီးတဲ့ ကြေးခေါင်းလောင်းတခု ရှိပါတယ်။ တောင်ပေါ်ရောက်အောင် လူတွေနဲ့ မနည်းသယ်ယူကြရမယ့်သဘော ရှိတယ်။ ကျနော်က ကြေးခေါင်းလောင်းဘေး ရပ်ရင်း တောင်အောက်က မြင်ကွင်းကြီးကို ငေးကြည့်ရပါတယ်။ အဲဒီအချိန်မှာ ကြေးခေါင်းလောင်းအပေါ်ထိပ်မှာ ခြင်္သေ့ရုပ် နှစ်ရုပ်ရှိတဲ့အနက် တရုပ်က အခြေကနေ သံဖြတ်လွှဖြစ်ဖြစ် တံစဉ်းနဲ့ဖြစ်ဖြစ် လှီးဖြတ်ယူထားလို့ မတွေ့ရပါဘူး။ ဒါနဲ့ ကျောင်းပေါ်မှာ ဆရာတော်ဘုရားနဲ့ စကားစမြည်ပြောတဲ့အခါ ခြင်္သေ့ရုပ်လေးတရုပ် မရှိတော့တာကို လွှတ်ခနဲ လျှောက်တင်မေးမြန်းမိပါတယ်။ ဆရာတော်က မျက်နှာခပ်ပြုံးပြုံး ပြုံးလိုက်ပြီးမှ “လွန်ခဲ့တဲ့တလက တောင်ပေါ်မှာ နအဖစစ်တပ် တပ်ခွဲတခွဲ ခဏလာတပ်စွဲရင်းက သူတို့ပြန်တဲ့အခါ အဲဒီ ကြေးခြင်္သေ့ရုပ်ကလေး ဖြတ်ခိုးသွားကြတာပါ” လို့ မိန့်ပါတယ်။ ဒီတုန်းက ရှေးဟောင်းဘုရားတွေ ရုပ်တုတွေ ပြန်ရောင်းရင် ဈေးကောင်းကောင်းရနေတဲ့ အချိန်ပါပဲ။
ဒီတောင်ပေါ်ဘုရားကို နှစ်ခေါက်လောက် ကျနော် ရောက်ဖူးပါတယ်။ ပထမတခေါက်က ကျဆုံးခဲ့ပြီဖြစ်တဲ့ KNDO တပ်ခွဲမှူးလေး ဗိုလ်သိန်းစိုးနဲ့ ဖြစ်ပါတယ်။ နောက်တခေါက်ကတော့ KNU တပ်မဟာ ၁ တပ်မဟာမှူး ဗိုလ်မှူးချုပ်ကျော်လင်းနဲ့အတူ ရောက်တာပါ။
ဒါလည်း ထားပါတော့။ အခုနက ဘုရားပွဲအကြောင်း ပြန်ဆက်လိုက်ပါဦးမယ်။ မိဆိုင်းကျောက်တောင် ဘုရားပွဲကို ဆရာတော်ဘုရားက ဦးဆောင်ပြီး နှစ်စဉ်ကျင်းပတယ်။ သူ့ ဂေါစဂံနယ်ရွာတွေ စုပြီး ကျင်းပတာပါ။ နယ်မြေအနေအထားက စစ်အစိုးရတပ်တွေနဲ့ ကရင်တော်လှန်ရေး ပြောက်ကျားတပ်တွေ တခုနဲ့တခု လက်ယှက်ထိုး နေရာယူထားကြ လှုပ်ရှားနေကြတဲ့ နေရာကြီးပါ။
ကျနော်က ဒီဗွီဘီသတင်းထောက် အနေနဲ့ အဲဒီဘုရားပွဲနဲ့ ဒေသတွင်းအခြေအနေကို သတင်းလာယူရင်း ဘုရားပွဲသတင်း ယူနေတာပါ။
ဆရာတော်ဘုရားက ကျေးရွာတွေအားလုံးမှာ စာရေးပြီး ကပ်ထားတာလည်း တွေ့ရပါတယ်။ “ဘုရားပွဲ ပွဲဈေးခင်းအတွင်း မည်သည့်အဖွဲ့အစည်းမှ ယူနီဖောင်းနှင့်သော်လည်းကောင်း လက်နက်ကိုင်၍သော်လည်းကောင်း မလာရ” လို့ ဆရာတော်ဘုရားရဲ့အမိန့်နဲ့ နေရာအနှံ့ စာကပ်ထားတာပါ။
နယ်မြေအခြေအနေ နည်းနည်း ကြားညှပ်ပြီး ဖြည့်ပြောပါမယ်။ ကျနော်က KNU ရဲ့ အကူအညီနဲ့ ရောက်လာတဲ့သူပါ။ ပွဲဝင်တဲ့ ညနေ ၅ နာရီလောက်မှာ လက်မောင်းနဲ့ ကျော သေနတ်ကျည်ဒဏ်ရာရနေတဲ့ လူတယောက်နဲ့ ကျနော် တွေ့ရပါတယ်။
ဒဏ်ရာရနေတဲ့သူက အဖော် ၄ ဦးနဲ့အတူ ဘုရားပွဲလာကြတာလမ်းမှာ စစ်တပ်နဲ့တိုးလို့ ထွက်ပြေးရင်းက စစ်တပ်ကပစ်တာ ခံရသူပါ။ ကျနော်နဲ့တွေ့တော့ ညာဘက်လက်မောင်းက ဒဏ်ရာက ပုဆိုးစုတ်နဲ့ စည်းထားတဲ့ကြားက သွေးမတိတ်သေးပါဘူး။ ကျနော်က ကမ္မမောင်းနဲ့ မြဝတီဆေးရုံ ဆေးခန်းသွားဖို့ ပြောပေမဲ့ ဒီဒဏ်ရာတွေနဲ့ သွားပြရင် အဖမ်းခံရမှာ သေချာလို့ ရွာက တိုင်းရင်းဆရာနဲ့ပဲ ကုမယ်၊ ဒီညတော့ ပွဲကြည့်လိုက်ဦးမယ်လို့ ပြောပါတယ်။
ပွဲခင်းက လယ်ကွက်ကြီးတခုရဲ့ အလယ်မှာပါ။ ကမယ့်ဇာတ်က မော်လမြိုင်က ငှားလာတဲ့ ကရင်ဇာတ်ပါ။ အခုလို ဇန်နဝါရီလ လပြည့်ညမှာပါ။
ကျနော်က အရပ်ဝတ် အဟောင်းအနွမ်းနဲ့ပါ။ လွယ်အိတ်ထဲ အသံဖမ်းစက်နဲ့ တရုတ်လုပ် မိသားစု အပျော်ရိုက် ကော်ကင်မရာလေးနဲ့ပါ။ ပွဲက ၉ နာရီမှာ စပါတယ်။ လူတွေလည်း ထောင်သောင်းချီ လာကြပါတယ်။ ပွဲဈေးတန်းတွေ ဘာတွေနဲ့ပါ။
ပွဲကလည်း တော်တော်ကောင်းဟန်တူပါတယ်။ လူပြက်တွေကြောင့်လည်း ပွဲခင်းကြီးတခုလုံး အုန်းအုန်းကျွက်ကျွက်ဖြစ်အောင် ရယ်ကြ အားပေးကြပေါ့။
ဒါပေမဲ့ ဇာတ်က ကရင်ဇာတ်ပါ။ ကျနော်က ကရင်လို တလုံးမှမတတ်တော့ ရယ်ခန်း၊ ငိုခန်းတွေကျရင် သူတို့ရယ်လို့သာ လိုက်ရယ်ရမလို ဖြစ်နေပေမဲ့ နားမလည်တော့ တော်တော်ခွကျလှပါတယ်။
ည ၁၁ နာရီလောက်မှာ ဘယ်လောက်ဝေးပြီး ဘယ်ကမှန်းမသိတဲ့ ၆၀-မမ လက်နက်ကြီးပစ်သံကြီး ဂျိန်းခနဲ ကြားလိုက်ရပါတယ်။ ပွဲခင်းကြီးတခုလုံး ဝေါခနဲ အသံထွက်ပြီး ငြိမ်ကျသွားပါတယ်။ ဇာတ်ကနေသူတွေကလည်း ဆက်မကဘဲ စင်ပေါ်မှာ ရပ်သွားကြပါတယ်။ ဆိုင်းသံတွေလည်း ဓားနဲ့ ဖြတ်ချလိုက်သလို တိခနဲ တမင်တိုင်ပင်ထားသလို အသံတွေ ရပ်သွားပါတယ်။
ပွဲခင်းထဲက ပွဲကြည့်ပရိသတ်ရဲ့ ခေါင်းတွေ ကိုယ်စီထောင် ငြိမ်ဆိတ်စွာ နားစွင့်နေကြတဲ့ မြင်ကွင်းကို ထိန်ထိန်သာနေတဲ့ လရောင်အောက်မှာ အတိုင်းသား မြင်နေရပါတယ်။
ခဏပါပဲ။ ခဏဆိုမှ ခဏပဲ။ ဆိုင်းသံ ပြန်ကြားရ၊ လူပြက်တွေ ပြက်လုံးထုတ်လို့ ပွဲခင်းကြီးတခုလုံး တအုံးအုံးနဲ့ ပွဲကျကြ။ မင်းသား မင်းသမီးတွေ ကကြ ဆိုကြ။
နောက်တနာရီလောက်အကြာ နောက်ထပ်ပြီး လက်နက်ကြီးပစ်သံ ဂျိန်းခနဲ ထွက်ပေါ်လာ အကတွေရပ်၊ ဆိုင်းတွေရပ်၊ အသံတွေ တိခနဲငြိမ်၊ ထိန်ထိန်သာနေတဲ့ လရောင်အောက် လူတွေအားလုံးရဲ့ ဦးခေါင်းတွေ ကိုယ်စီကိုယ်ငှထောင် နားစွင့်။
မကြာဘူး၊ ခဏအတွင်း ဆိုင်းသံပြန်ပေါ်လာ။ မင်းသမီး မင်းသား ဆက်က၊ လူပြက်တွေ ဆက်ပြက်လုံးထုတ်၊ လူတွေ တဟားဟား။ အဲဒါ မိုးစင်စင်လင်း ပွဲပြီးတဲ့အချိန်အထိ.....။
၁၉၉၄ ခုနှစ်တုန်းကပါ။
ကျနော်တို့ သွေးချင်းများရဲ့ ရုပ်ပုံလွှာ ဘဝတစိတ်တပိုင်းပါ။
ငြိမ်းဝေ (ကဗျာ့အိုးဝေ)