မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ဧပြီ ၂၆ ရက် ညနေပိုင်းမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ရာက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဲဒီ စစ်ကောင်စီတပ်စခန်းကို KNLA တပ်မဟာ ၁၊ တပ်ရင်း ၂၊ PDF တပ်ရင်း ၂ နဲ့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအင်အားစု (TPDF) ပူးပေါင်းအဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်နဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။
တနာရီကျော်ကြာ ဖြစ်ပွားခဲ့တဲ့ နှစ်ဘက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ သထုံခရိုင်ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပွဲပြီးနောက် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းအဖွဲ့က ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ပိန္နဲတောကျေးရွာက စစ်ကောင်စီ ရှေ့တန်းတပ်စခန်းမှာ တပ်အင်အား ၁၀၀ လောက်ရှိပြီး ကျေးရွာတွေထဲကို လက်နက်ကြီးတွေ မကြာခဏ ပစ်ခတ်နေတဲ့ တပ်စခန်းတခု ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ကြား စစ်ရေးအခြေအနေ ပိုမိုတင်းမာလာတာကြောင့် ဘီးလင်းမြို့နယ်က ဒေသခံပြည်သူ ၇,၀၀၀ ကျော်ဟာ နီးစပ်ရာ တောတောင်တွေနဲ့ ဘေးလွတ်ရာ ကျေးရွာတွေမှာ ပုန်းခိုနေရပါတယ်။