နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီတရားရုံးက ဧပြီ ၂၇ ရက် ရုံးချိန်းမှာ အဂတိအမှုနဲ့ ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ ရှေ့နေအဖွဲ့ဟာ နိုင်ငံခေါင်းဆောင်တွေနဲ့ တွေ့ခွင့်မရခဲ့ဘဲ မနက် ၉ နာရီခွဲအချိန်မှာ တရားသူကြီးက အမိန့်ချခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဆီက အမေရိကန်ဒေါ်လာ ၆ သိန်း၊ ရွှေ ၇ ပိသာ လက်ခံရယူခဲ့တယ်လို့ စစ်ကောင်စီကစွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုခဲ့တာပါ။
ဒီအမှုနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ထွက်ဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး “All Absurd” အားလုံးဟာ မဟုတ်တမ်းတရားတွေလို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုထားဖူးပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက စွဲဆိုထားတဲ့အမှုတွေထဲက အမှု ၅ မှုအတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ချပြီးလည်း ဖြစ်ပါတယ်။