ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ပိုက်နက် နယ်မြေအားလုံးနီးပါးကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ကေအန်ယူတာဝန်ရှိသူတွေက ဧပြီ ၂၆ ရက်မှာ ဒီဗွီဘီကို ပြောပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကေအန်ယူ တပ်မဟာ ၁ ၊ ၂ ၊ ၅၊ ၆ ထိန်းချုပ်နယ်မြေတွေအတွင်းကနေ စစ်ကောင်စီတပ်စခန်းတွေ သတ်မှတ်ရက်အတွင်း အပြီးထွက်ခွာဖို့အသိပေးပြီးနောက် တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေသလို ကေအန်ယူအနေနဲ့ နယ်မြေတွေ အတော်များများကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ဆိုပါတယ်။
ကေအန်ယူ၊ တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ပဒိုမန်းမန်းက”တချို့စခန်းတွေကတော့ သူတို့အတိုင်းအတာတစ်ခုအထိ ဆုတ်ခွာပေးတာတွေရှိတယ်။ တချို့စခန်းတွေက အထက်အမိန့်ကို မလွန်ဆန်နိုင်လို့ ဒီအပေါ်မှာ ဆက်ပြီးခုခံတုံ့ပြန်တာတွေရှိတယ်။ နယ်မြေ ၉၀ ရာခိုင်နှုန်းလောက် ထိန်းချုပ်ထားနိုင်ပြီ”လို့ ပြောပါတယ်။
ကေအန်ယူအနေနဲ့ စစ်ဗျူဟာအခင်အကျင်း ပြောင်းလဲကျင့်သုံးရာမှာ စစ်မတိုက်ခင် စစ်ကြေညာပြီးမှ စစ်တိုက်တဲ့သဘောလုပ်ဆောင်လာခဲ့သလို စစ်တပ်ဘက်က ဆုတ်ခွာသွား မယ်ဆိုရင် အထိအခိုက်အနည်းဆုံးနဲ့ အကျအဆုံးမရှိနိုင်ဘူးလို့ တပ်မဟာ ၅ တာဝန်ရှိသူက ဆိုပါတယ်။
ကေအန်ယူ တပ်မဟာ ၁ နယ်မြေအတွင်းက တပ်စခန်းတွေဖြစ်တဲ့ လေးကေ၊ ဝန်တာပန်တပ်စခန်း တွေ သတ်မှတ်ရက်အတွင်း ထွက်ခွာမပေးတဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ တွေ ပိုမိုပြင်းထန်နေပါတယ်။
ကေအန်ယူ၊ တပ်မဟာ ၁ သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က “လက်ရှိအခြေအနေမှာ သူတို့တပ်အင်အားထပ်ပြီး မဖြည့်တင်းနိုင်ဘူးဆိုတော့ လက်ရှိစခန်းထိုင်နေတဲ့ တပ်အင်အားနဲ့ စခန်းအလဲအလှယ်လည်းမရှိဘူးဆိုတော့ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဆောင်နိုင်တော့ဘူး”လို့ ဆိုပါတယ်။
သထုံခရိုင်တပ်မဟာ ၁ နယ်မြေမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်း ကနေ လက်နက်ကြီး ၂ လက်ကို စစ်ကောင်စီတပ်စခန်းတွေအတွက် ပို့ဆောင်ပေးခဲ့တယ်လို့ လည်း သိရပါတယ်။
ကေအန်ယူ တပ်မဟာ ၁၊ ၂၊ ၅ နဲ့ ၆ နယ်မြေတွေမှာ တပ်စခန်းတွေ ထွက်ခွာသွားဖို့ အသိပေးပြီး နောက်ပိုင်း တိုက်ပွဲတွေ နေရာအနှံ့ ဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒေသခံတွေရဲ့ ကျေးရွာတွေအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်လာပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ သိန်းကျော်ဟာ နီးစပ်ရာဆွေမျိုးတွေရှိရာ ကျေးရွာတွေနဲ့ တောတောင်တွေအပြင် မြန်မာ-ထိုင်း နယ်စပ်တလျှောက်မှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရသူတွေထဲမှာ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေအများဆုံးပါဝင်ပြီး တောတောင်တွေအတွင်း မသန့်ရှင်းတဲ့ရေတွေကို သောက်သုံး နေရတာတွေကြောင့် ငှက်ဖျား၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးရောဂါတွေ အပြင်းအထန်ခံစားနေရသလို နေထိုင်စားသောက်ရေးမှာ အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေးကူညီပေးနေသူတွေက ဆိုပါတယ်။