Home
မြန်မာသတင်း
ရွာငံမြို့တွင် အမျိုးသမီး ၄ ဦးအပါအဝင် ၃၅ ဦး ဖမ်းဆီးခံရ
DVB
·
April 26, 2022
278871501_1188896415179546_3614854802142746981_n

ရှမ်းပြည်နယ်တောင်ပိုင်း  ရွာငံမြို့နယ်အတွင်း ဓနုတပ်ဖွဲ့စည်းမယ်လို့ သတင်းထွက်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ဧပြီ ၂၄ ရက်က စပြီး ကျေးရွာတွေထဲ ဝင်ရောက်ကာ ရွာသားတချို့ ကို ဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ဧပြီ ၂၄ ရက်က အင်တောရွာ နဲ့ လယ်ကိုင်းရွာတို့မှ အမျိုးသမီး ၄ ဦးအပါအဝင် ဒေသခံပြည်သူ ၃၅ ဦးကို အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး ကျေးရွာမှာနေထိုင်တဲ့ ဒေသခံတွေရဲ့ လက်ကိုင်ဖုန်းတွေကိုလည်း သိမ်းဆည်းသွားတယ်လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရွာငံမြို့မှာ စစ်ကောင်စီတပ်ဖွဲ့က ဓနုတပ်ဖွဲ့စည်းဖို့ အုပ်ချုပ်ရေးမှူးတွေက တဆင့် စည်းရုံးတာတွေ လုပ်ခဲ့ပြီးနောက် အခုလို ဒေသခံတွေ ဖမ်းဆီးခံနေရတာပါ။

ဒေသခံတဦးက “ဓနုတပ်ပဲ ဖြစ်ဖြစ်၊ ဘာတပ်ဖြစ်ဖြစ် လူရဖို့ပဲ ကြည့်တာ။ သူတို့မှာ လူ အင်အားနည်းနေပြီဆိုတော့ ကျေးရွာတွေကို ဝင်ပြီး လူငယ်တွေကို ဖမ်းပြီး ဘုန်းကြီးကျောင်းမှာ ချုပ်နှောင်ထားဖို့ များတယ်။ ဒီဘက်မှာက သူတို့ စခန်းမရှိဘူး” လို့ ပြောပါတယ်။

ဒါ့အပြင် အရင်ရက်တွေကတည်းက ကျေးရွာ တရွာကို  လူငယ် ၁၄ ဦး ပေးရမယ်လို့ ပြောဆိုပြီး အသာတကြည် မပေးပါက ရွာကို မီးရှို့ဖျက်ဆီးမယ်ဆိုပြီး ခြိမ်းခြောက်နေတယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ ရွာငံမြို့ နွားဘန်ကြီးကျေးရွာအုပ်စုနဲ့ အနီးတဝိုက် ဒေသခံပြည်သူတွေဟာ နေအိမ်တွေမှာ မနေရဲကြတော့ဘဲ ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။

ဧပြီ ၁၉  ရက်က ရွာငံမြို့ ပဲရင်းတောင်ကျေးရွာမှာနေထိုင်တဲ့ အပြစ်မဲ့အမျိုးသား ၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက PDF လို့ စွပ်စွဲပြီး အကြမ်းဖက်သတ်ဖြတ်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024