စစ်ကိုင်းတိုင်းထဲက မြိုနယ် ၃ ခုမှာ ဧပြီ ၂၃ ရက်နဲ့ ၂၄ ရက်က စစ်ကောင်စီတပ်တွေဟာ သံဃာ နဲ့ PDF ရဲဘော်အပါအဝင် ၄ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ဖြစ်စဉ်ဖြစ်ပွားရာ ဒေသနေသူ တွေက ပြောပါတယ်။
ဧပြီ ၂၄ ရက်က စစ်ကိုင်းတိုင်း ချောင်းဦး-အမြင့်သွားကားလမ်းမှာ ကင်းစောင့်နေတဲ့ PDF ကို မင်းခန့်ဇော်ကို စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးသွားပြီး ဒီမနက် ၅ နာရီမှာပဲ ပစ်ခတ်ခံရတဲ့ ဒဏ်ရာကြောင့် ကျဆုံးသွားပြီလို့ ချောင်းဦး PDF က ထုတ်ပြန်ပါတယ်။
“ကိုမင်းခန့်ဇော် ကျဆုံးသွားတယ်လို့ ကြားတယ်။ သူ့မှာ မှတ်ပုံတင်ပါသွားတယ်။ အဲဒါကြည့်ပြီး စစ်ကောင်စီတပ်က ကိုမင်းခန့်ဇော် နေအိမ်ကို သိသွားတယ်ထင်တယ်။ ညနေပိုင်းမှာ နေအိမ်ကို ချိပ်ပိတ်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
အသက် ၂၃ နှစ်ရှိ ကိုမင်းခန့်ဇော်ဟာ ချောင်းဦးမြို့နယ် ရန်အောင်မြေရပ်ကွက်မှာ နေထိုင်ခဲ့တာလို့ သိရပါတယ်။
အလားတူ ဧပြီ ၂၃ ရက်က ဟုမ္မလင်းမြို့နယ်နဲ့ ဝန်းသိုမြို့နယ်ထဲက ကျေးရွာနေ သံဃာ ၁ ပါးနဲ့ ပြည်သူ ၂ ဦး ကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဟုမ္မလင်းမြို့နယ် ထမံသီရွာနေ ဦးစောဌေးဆိုသူကို နေအိမ်မှာပဲ ပစ်ခတ်ဖမ်းဆီးတာကြောင့် သေဆုံးသွားတာလို့ ရွာခံတဦးက ပြောပါတယ်။
“စစ်သားတွေက အိမ်ကိုဝိုင်းထားပြီး ဖမ်းတာ၊ ဦးစောဌေး တံခါးဖွင့်တာနဲ့ စစ်သားတွေက သေနတ်နဲ့ ပစ်တာ ခြေထောက်နဲ့ ဗိုက်မှန်သွားတယ်။ ဟုမ္မလင်းဆေးရုံကိုပို့တာ လမ်းမှာတင် သေသွားတာ။ PDF နဲ့ဆက်စပ်တယ်လို့ စွပ်စွဲပြီးဖမ်းတာတဲ့။ လူမဆန်တဲ့ လုပ်ရပ်ပါ။”
ဟုမ္မလင်းမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေဟာ PDF နဲ့ ဆက်စပ်တယ်လို့ဆိုပြီး မှားယွင်းဖမ်းဆီးတာတွေ ရှိနေသလို နေအိမ်အဆောက်အအုံနဲ့ ဈေးဆိုင်တွေကိုလည်း ချိပ်ပိတ်တာ တွေ ရှိနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။
ဝန်သို့မြို့နယ်ထဲမှာတော့ ဧပြီ ၂၃ ရက် ည ၁၁ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စိန်လည်၊ သပြေသား၊ ရှမ်းစု၊ ဥသျှစ်ခုံ၊ ကျောက်ပေါက်ခုံ၊ အလယ်ခုံ၊ အောင်းကုန်း နဲ့ ရွှေတောင်ကုန်းကျေးရွာ အပါအဝင် ရွာပေါင်း ၉ ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တာကြောင့် စိန်လည်၊ သပြေသား၊ အောင်းကုန်းရွာနဲ့ ရှမ်းစုရွာတွေ ရွာလုံးကျွတ်နီးပါး ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလိုမီးရှို့တာတွေ လုပ်နေချိန်မှာပဲ သပြေသားရွာမှာ သီတင်းသုံးနေတဲ့ သံဃာတော်တပါး နဲ့ အမျိုးသမီးတဦးကိုလည်း စစ်ကောင်စီတပ်သားတွေက အကြောင်းမဲ့ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီညမှာပဲ ကြိုင်းခွင်ရွာက ဦးမြင့်ဝေ၊ စိန်လည်ရွာက ဦးထွန်းနိုင်နဲ့ အောင်းကုန်းရွာက ပြည်သူ ၂ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်တလောမှာတော့ ဝန်းသိုမြို့နယ်မှာ စစ်ဘေးရှောင် ရွာပေါင်း ၄၀ ကျော်နဲ့ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ ၂ သောင်းခွဲ ရှိနေပြီလို့ သိရပါတယ်။