ဧရာဝတီတိုင်းမှာ မအူပင်မြို့မရဲစခန်းမှူး ရာထူးချပြောင်းရွှေ့ခံရပြီး ဝါးခယ်မြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး ၄ ဦး နုတ်ထွက်သွားတယ်လို့ သိရပါတယ်။
မအူပင်မြို့မရဲစခန်းမှူးဟာ ဧပြီ ၁၉ ရက်နေ့က စတင်ကာ ရဲစခန်းဝင်းထဲ နတ်ကနားပွဲ ပေးခဲ့တာကြောင့် ရာထူးချကာ နေရာပြောင်းရွှေ့တာတွေ ပြုလုပ်ခံခဲ့ရတာလို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
မအူပင်မြို့မရဲစခန်းမှူး ဒုရဲမှူးညွန့်လှိုင်ဟာ နေအိမ်မှာ လူသတ်မှုဖြစ်ပွားခဲ့လို့ စခန်းမပြောင်းရွှေ့ရရေး နတ်ကနားပွဲ ၃ ရက် ပေးခဲ့ပေမယ့် စခန်းမှူးကနေ ရဲအုပ်အဆင့်ချကာ ပြောင်းရွှေ့ခံခဲ့ရတာလို့ ဆိုပါတယ်။
“သူ့အိမ်မှာ သူ့တပည့်က သေနတ်နဲ့ပစ်လို့ ရဲတပ်သားသစ်တယောက် သေသွားတာကြောင့် ရာထူးချတာပါ၊ တခြားတော့ မပြောတတ်ဘူး” လို့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
ရာထူးချခံရတဲ့ ရဲစခန်းမှူး ဒုရဲမှူးညွန့်လှိုင်ကို ရဲအုပ်အဆင့်ချကာ မအူပင်ခရိုင် ရဲတပ်ဖွဲ့ရုံး မှုခင်းမှတ်တမ်းဌာနကို ပြောင်းရွှေ့ခိုင်းခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင်ဟောင်းတွေကတော့ ခုလို ရာထူးချခံရတာဟာ နတ်ကနားပွဲပေးတာနဲ့ မသက်ဆိုင်ဘဲ နေအိမ်မှာ လူသတ်မှုဖြစ်တာကြောင့် ရာထူးချခံရပြီး စခန်းမှူးနေရာက ရွှေ့ပြောင်းရတာ ဖြစ်တယ်လို့ မှတ်ချက်ပေး ပြောဆိုပါတယ်။
ဝါးခယ်မမြို့နယ်မှာလည်း စစ်ကောင်စီ ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေ ၁ ပတ်အတွင်း ၄ ဦး နုတ်ထွက်သွားတယ်လို့ သိရပါတယ်။
အနောက်ရင်းကျေးရွာ၊ ပိတ္တာလေးကျေးရွာ၊ စပ်ထုံးကျေးရွာနဲ့ နန်းအဲလောင်းကျေးရွာက အုပ်ချုပ်ရေးမှူးတွေဟာ ဧပြီ တတိယပတ်ကစတင်ကာ နုတ်ထွက်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“တပြိုင်နက်တည်း ထွက်တယ်လို့ ပြောရမှာပဲ။ သေမှာကြောက်တာလည်း ပါတယ်။ ငပုတောက ကျေးရွာအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာမြင်သွားပြီး ထွက်ကြတာထင်ပါတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
ခုလို စစ်ကောင်စီခန့်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တပြိုင်နက်နုတ်ထွက်တာဟာ ငါးပြင်းမကျေးရွာ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ရုပ်သံဖိုင်မြင်ပြီး သေမှာကြောက်လို့ နုတ်ထွက်တာလို့ ဆိုပါတယ်။
ဝါးခယ်မမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ ဦး နုတ်ထွက်တာဟာ ပထမဆုံးအကြိမ်လည်း ဖြစ်တယ်လို့ သိရပါတယ်။