မန္တလေးတိုင်း၊ ပခုက္ကူမြို့နယ်က ကွမ်းစီကန်ရွာကို ဧပြီ ၂၃ ရက် မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က အင်အား ၅၀ ကျော်နဲ့ ခြေလျင်စစ်ကြောင်းထိုးလာပြီး ယာလုပ်နေသူတွေကို ပစ်ခတ်တာကြောင့် ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ကွမ်းစီကန်ရွာကိုလာတာ ကွမ်းစီကန်နဲ့ မြောက်လူးကန်ကြားက ယာထဲမှာ ယာလုပ်နေသူတွေကို ဘာမဆိုင်ညာမဆိုင်ပစ်တာ၊ ရွာထဲက လူတွေရော ကြောက်လို့ ထွက်ပြေးတိမ်းရှောင်နေ ကြရတယ်" လို့ ရွာသားတဦးက ပြောပါတယ်။
ကွမ်းစီကန်ရွာကို စစ်ကြောင်း ၂ ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေက မြောက်လူးကန်ရွာက သားအဖကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
ရွာထဲမှာ ကျန်ခဲ့တဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး အခုအချိန်ထိ ၂ စီး မီးရှို့ခံ ထားရတယ်လို့ သိရပါတယ်။
ကွမ်းစီကန်ရွာက အိမ်ခြေ ၃၀၀ ဝန်းကျင်ရှိပြီး ရွာသား တဝက်လောက် ထွက်ပြေး တိမ်းရှောင်ကြပေမယ့် မထွက်ပြေးဘဲ ကျန်ခဲ့သူတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ကွမ်းစီကန်ရွာရွာသားတွေက အခုလက်ရှိအချိန်ထိ ဘေးကင်းရာကိုထွက်ပြေးနေရဆဲမို့ ကျန်တဲ့ အခြေနေတွေကိုမသိရသေးပါဘူး။
စစ်ကောင်စီတပ်တွေက ကွမ်းစီကန်ရွာကို ပထမဆုံးအကြိမ်စစ်ကြောင်းထိုးတာဖြစ်ပြီး အနီးအနား က ရွာတွေမှာလည်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးတာရှိခဲ့တယ်လို့သိရပါတယ်။