စစ်ကိုင်းတိုင်း အရာတော်မြို့ အထကကျောင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ဧပြီ ၂၂ ရက်နေ့ မနက် ၁၁ နာရီလောက် သပြေညိုပြောက်ကျားတပ်ဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
သပြေညို ပြောက်ကျားတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ကျနော်တို့ ကားနဲ့ ဝင်ပစ်ခဲ့တာ။ ဘယ်ကောင်သေရဲလဲ မေးခဲ့တဲ့ ကောင်တွေ အခုအခါ ပြန်တောင်မပစ်နိုင်ဘဲ ကြောက်လန့်အော်ဟစ်နေခဲ့တယ်။ အနည်းဆုံး ၄ ဦး သေဆုံးနိုင်တယ်။ အတိကျကို ဖရဲသီတွေစီ စုံစမ်းနေတုန်း” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ကို မုံရွာခရိုင်တပ်ရင်း - ၄ Chindwin Attack Force ရဲ့ တပ်ခွဲ - ၁ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ Ayadaw Bone Naing-PDF(A.B.N.PDF)၊ Ayardaw Falcon Force(AF2)၊ Excellent Flag တပ်ဖွဲ့ နဲ့ အရာတော်မြို့နယ် ပ-က-ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီတပ်တွေ ထိခိုက်သေဆုံးမှုအခြေအနေကို စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ခြင်းမရှိသေးသလို ဒီဗွီဘ်အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ ဧပြီ ၈ ရက် မနက်ပိုင်းကလည်း အရာတော်မြို့နယ် ရှောက်ခါးကျေးရွာက နေအိမ် ၃၀ ကျော်အား မီးရှို့ခဲ့တဲ့ အင်အား ၈၀ လောက်ရှိ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လိုက်လံရှာဖွေတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၇ ဦးသေဆုံးပြီး ၁၅ ဦးဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။