Home
မြန်မာသတင်း
ဘားအံဆေးရုံ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆေးကုသမှုခံယူရင်း သေဆုံးသူများပြားနေ
DVB
·
April 23, 2022
278511537_1073335603526712_2203274450323921009_n

ကရင်ပြည်နယ်၊ ဘားအံမြို့ ပြည်သူ့ဆေးရုံကြီးမှာ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲဝင်တွေ ဆေးကုသမှုခံယူရင်း သေဆုံးသူ အများအပြားရှိတယ်လို့ ဆေးရုံအသိုင်းအဝိုင်းကနေ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) နယ်မြေတွေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ် တိုက်ပွဲတွေဖြစ်ပွားနေပြီး ဒဏ်ရာရရှိသူတွေ နေစဉ်များပြားလာသလို ဆေးကုသမှုခံယူရင်း သေဆုံးသူ အများအပြားရှိနေတာပါ။

တောင်ကလေးကျေးရွာအခြေစိုက် အမှတ် ၁၀ စစ်မြေပြင်ဆေးတပ်ရင်း (ကုတင် ၁၀၀) မှာ ဆေးကုသမှုခံယူဖို့ မဆံ့တော့တဲ့အတွက်  ဘားအံပြည်သူ့ဆေးရုံကြီးမှာ ပြောင်းရွှေ့ဆေးကုသမှုခံယူနေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ များပြားတဲ့အတွက် ဆေးရုံမှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ NON CDM ဆရာဝန်နဲ့ သူနာပြုအင်အား လုံလောက်မှုမရှိတာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဘားအံပြည်သူ့ဆေးရုံကြီး၊ ကျန်းမာရေးဝန်ထမ်းတဦးက “ဒဏ်ရာရတဲ့ စစ်သားတွေကများတယ်။ အခု အရပ်သား အပြင်လူနာတွေကို ညအိပ်ကုသခွင့်တွေ မပေးတော့ဘူး။ နေရာအခက်အခဲတွေကြောင့်ပါ။ ဆေးကုသခံနေတဲ့ စစ်သားတွေ နေ့တိုင်း သေနေတယ်။ လူနာနဲ့ ကန်းမာရေးဝန်ထမ်းနဲ့က လုံးဝ မနိုင်မနင်းဖြစ်နေပြီ”လို့ ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း ဒဏ်ရာရရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြဝတီ၊ ကော့ကရိတ်၊ ဖာပွန်၊ ကမမောင်းမြို့နယ်အတွင်းက လူမှုကူညီရေးအဖွဲ့ယာဉ်တွေ၊ ပြည်သူပိုင်ယာဉ်တွေနဲ့ လာရောက် ပို့ဆောင်တာတွေ ရှိတယ်လို့ ဆရာဝန်တဦးက ပြောပါတယ်။

KNU တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့နယ်ခွဲမှာ စစ်ကောင်စီတပ်နဲ့  KNLA ပူးပေါင်းတပ်တို့ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြားသေဆုံးခဲ့သလို ထိမှန်ဒဏ်ရာပြင်းထန်သူတွေကိုလည်း လာရောက်ကယ်တင်တာမရှိတဲ့အတွက် ဆေးကုသခွင့်မရဘဲ သေဆုံးသူတွေ ရှိနေပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ တပ်မှူးအရာရှိတွေရဲ့ အလောင်းတွေကို လာကောက်သူမရှိသလို မြေမြှုပ်သင်္ဂြိုဟ်ပေးမယ်သူမရှိတဲ့အတွက် ဆိုးဆိုးရွားရွား အပုပ်နံ့တွေ ဖြစ်ပေါ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

KNU တပ်မဟာ ၁၊ တပ်မဟာ ၅ နဲ့ တပ်မဟာ ၆ နယ်မြေတွေမှာ နယ်မြေကျော်ဝင်ရောက်ပြီး စစ်ရေးလုပ်ရှားနေတဲ့အတွက် စစ်ကောင်စီတပ်တွေနဲ့ KNDO၊ KNLA ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေသလို စစ်ကောင်စီက မြေပြင်လက်နက်ကြီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်နေတာပါ။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013