ငြိမ်းချမ်းရေးကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ရေး တွေ့ဆုံဆွေးနွေးကြဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေကို အာဏာသိမ်း စစ်ခေါင်းဆောင်က ဖိတ်ခေါ်လိုက်ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ ဧပြီ ၂၂ ရက်နေ့မှာ စစ်ကောင်စီဝါဒဖြန့် ရုပ်သံနဲ့ မီဒီယာတွေကနေ မိန့်ခွန်းပြောကြားပြီး ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။
“ဒီ ၂၀၂၂ ခုနှစ်ဟာ ငြိမ်းချမ်းရေးနှစ်ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံးမှာ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းရေးကို ဆောင်ရွက်သွားမယ်လို့ ကျွန်တော် ပြောခဲ့ပါတယ်။ ဒါကို လက်တွေ့ကျကျ ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်ဖို့ လိုအပ်တဲ့အတွက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ် ပါတယ်။ အဖွဲ့များအားလုံးကို ကျွန်တော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေကိုလည်း ပြုလုပ်သွားပါမယ်။” လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အသီးသီးရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးစီ တက်ရောက်ပေးကြဖို့ တက်ရောက်မယ့်သူ ပုဂ္ဂိုလ်တွေရဲ့ အမည်ကို ၂၀၂၂ ခုနှစ် မေလ ၉ ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးကြစေလိုတယ်လို့လည်း ပြောပါတယ်။
ဆွေးနွေးမယ့်ရက်ကိုတော့ နှစ်ဘက်ညှိနှိုင်းပြီးတော့မှ ရက်သတ်မှတ်ဆွေးနွေးသွားမှာဖြစ်တယ်။ တိုင်းရင်းသားပြည်သူအားလုံး ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရဲ့ အရသာကို ခံစားနိုင်ရေး အားလုံးလက်တွဲပြီး ရိုးသားပွင့်လင်းစွာ ဆွေးနွေးသွားကြမယ်၊ ပြည်ထောင်စုသားအားလုံးရဲ့ အကျိုးကို ရှေးရှုပြီး ပူးပေါင်းဆောင်ရွက်ပေးကြဖို့ အာဏာသိမ်း စစ်ခေါင်းဆောင်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အစဉ်အဆက် တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်ပါတယ်။ လာမယ့် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ဟာ စိန်ရတု လွတ်လပ်ရေးနေ့ ဖြစ်ပါတယ်။ ၇၅ နှစ်ကာလ ကြာပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရတွေကို တိုင်းရင်းသားပြည်သူတွေ အပြည့်အဝ မခံစားရသေးတာကိုလည်း လက်ရှိ ပကတိ ဖြစ်ရပ်တွေက ပြဆိုနေပါတယ်။ အဓိက အကြောင်းအရာကတော့ သဘောထား ကွဲလွဲမှုတွေ အပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများကြောင့်ပဲ ဖြစ်ပါတယ် ဒါကို ကျွန်တော်တို့ ဖြေရှင်းနိုင်မှသာ ဒီမိုကရေစီရဲ့ အနှစ်သာရ လွတ်လပ်ရေး အနှစ်သာရကို အပြည့်အဝခံစားနိုင်မှာ ဖြစ်ပါတယ်။ လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။
မြန်မာနိုင်ငံတဝန်း ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ ရှမ်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီ စတဲ့ ဒေသတွေမှာ တိုက်ပွဲတွေ ပြင်းထန်ဖြစ်ပွားနေသလို အမျိုးသားညီညွတ်ရေးအစိုးရ NUGကလည်း မြန်မာနိုင်ငံရဲ့ နယ်မြေ တဝက်လောက်ကို ထိန်းချုပ်နိုင်ပြီဖြစ်လို့ ခုခံစစ်ကနေ ထိုးစစ်စတင်မယ်လို့ ကြေညာလိုက်ပြီး ရက်ပိုင်းအတွင်းမှာ စစ်ခေါင်းဆောင်က အခုလို ငြိမ်းချမ်းရေးဆွေးနွေးကြဖို့ တိုင်းရင်းသား ခေါင်းဆောင်တွေကို ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။