ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်းမှာရှိတဲ့ ပူတာအို-မဂွေဇ-ခေါင်လန်ဖူးလမ်းဟာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် သွားလာရေးခက်ခဲမှုနဲ့ ရင်ဆိုင်နေရတယ်လို့ ခေါင်လန်ဖူးဒေသခံတဦးက ပြောပါတယ်။
"မြေသားလမ်းအဆင့်ပဲရှိသေးတော့ မိုးရွာလာရင် မခံနိုင်တော့ဘူးလေ၊ လမ်းပြိုကျမှုဖြစ်တာက တော်တော်များများ နေရာတွေမှာ ဖြစ်နေတာပါ။ ဆိုင်ကယ်တောင် တွန်းပြီးသွားနေရတယ်။"
ပူတာအိုဘက်ကနေ ပြန်လာတဲ့ ဒေသခံတဦးကလည်း "လမ်းပြိုမှုဖြစ်တာက ဘဘော့နဲ့ အူရိန်းကားကြားမှာလည်း တော်တော်ပျက်နေတာ တွေ့ခဲ့တယ်။ ခါတိုင်း ပူတာအိုကနေ ခေါင်လန်ဖူးထိဆို ဆိုင်ကယ်၊ ကားနဲ့သွားရင် ၁ ရက်ပဲကြာတာပါ။ အခုတော့ လမ်းအခြေအနေအရ ၂ ရက် ၃ ရက်လောက်ကြာမှ ရောက်တော့တယ်။ အဆိုးဆုံးကတော့ ရီဒမ်းကနေ ခေါင်လန်ဖူးသွားတဲ့ လမ်းတလျှောက်ပါပဲ၊ ကားတွေသွားဖို့တော့ အဆင်မပြေနိုင်တော့ဘူး။ ဖောက်ထားတဲ့လမ်းတွေ တော်တော်များများ ပြိုကျကုန်တော့ လမ်းတောင်မရှိတော့ဘူး" လို့ ပြောပါတယ်။
မဂွေဇ-ခေါင်လန်ဖူးလမ်းကို ၂၀၂၀ နှစ်ကုန်ပိုင်းခန့်မှာ စတင်ဖောက်လုပ်ခဲ့တာဖြစ်ပြီး ၂၀၂၁ စက်တင်ဘာ ၃ ရက်နေ့မှာ ခေါင်လန်ဖူးမြို့အထိ တကြောင်းထိုးကားလမ်း ရောက်အောင် ဖောက်လုပ်ခဲ့တာဖြစ်ပြီး လမ်းရဲ့အရှည်ဟာ ၁၁၅ မိုင်ခန့် ရှည်လျားပါတယ်။
၂၀၂၂ ခုနှစ် မတ် ၂၀ ရက်မှာ လမ်းဖွင့်ပွဲပြုလုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် ရက်ရွှေ့ဆိုင်းခဲ့တယ်လို့ သိရပါတယ်။