မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံရွာရဲစခန်းကို ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့ (KDDF) နဲ့အတူ မဟာမိတ်ပူးပေါင်းအဖွဲ့တွေက ဧပြီ ၁၉ ရက် မနက် ၄ နာရီမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ KDDF က ထုတ်ပြန်ပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့ (KDDF)၊ စဉ့်ကိုင် LPDF၊ မြစ်ငယ် LPDF နဲ့ တပ်ကုန်း LPDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။
တိုက်ခိုက်မှုအတွင်း သံရွာရဲစခန်းအတွင်းရှိ လိုင်းခန်းတွေ မီးလောင်ပျက်စီးသွားပြီး လူထိခိုက်သေဆုံးမှု အသေးစိတ်ကိုတော့ မသိရသေးပါဘူး။
စဉ့်ကိုင် LPDF တာဝန်ရှိသူတဦးက “မောင်းပြန်သေနတ် ပစ်ဖူးပေမဲ့၊ သေနတ်မှာ M9 တပ်ပြီး မပစ်ဖူးတဲ့ အဖွဲ့သားတွေက အလုအယက် ပစ်ခတ်ကြလို့ စစ်(--) ရဲ(--) တွေ ပစ်မှတ်ရှေ့မှာ ကိုးရိုးကားယား ငရဲကျတဲ့အလား ပြေးလွှားနေကြပါတယ်” လို့ ပြောပါတယ်။
ကျောက်ဆည်ခရိုင် ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ဒေသတွင်း PDF တွေ တဖွဲ့နဲ့တဖွဲ့ ချိတ်ဆက်ပြီး မြို့ပြတော်လှန်ရေး အရှိန်မြှင့်ဖို့ ရှိတာကြောင့် ပြည်သူတွေအနေနဲ့ မိမိပတ်ဝန်းကျင်ရှိ စစ်ကောင်စီနဲ့သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကို Local PDF တွေရဲ့ တရားဝင် စာမျက်နှာတွေမှာ သတင်းပေးခြင်းနဲ့ ထုတ်ပြန်ကြေညာချက်တွေကိုလည်း လိုက်နာကြဖို့ မေတ္တာရပ်ခံထားပါတယ်။