ကျိုက်မရောဗဟိုအကျဉ်းထောင်ထဲမှာ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှုတွေအတွက် မော်လမြိုင်မြို့နယ်တရားရုံးမှာ ဧပြီ ၁၉ ရက် ဒီနေ့ ရုံးထုတ် စစ်ဆေးပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) နဲ့ အမှု ၁ မှု၊ ပုဒ်မ ၁၇၁ (စ)နဲ့ အမှု ၂ မှု ဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။
ဒီရုံးချိန်းမှာတော့ ဝန်ကြီးချုပ်ဒေါက်တာအေးဇံ တယောက်တည်းကိုသာ စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပြီး လာမယ့် ရုံးချိန်းကိုတော့ ဧပြီ ၂၆ ရက်နေ့ကို ချိန်းဆိုထားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေက ပြောပါတယ်။
ဒီအမှုမှာ စစ်ကောင်စီ မော်လမြိုင်ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲခွဲ့အတွင်းရေးမှူး ဦးထင်ကျော်က တရားလိုအဖြစ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ စစ်ကောင်စီက စွဲဆိုထားတဲ့ ရွေးကောက်ပွဲ မလျော်သြဇာသုံးမှု အမှု ၃ မှု ၊ အဂတိလိုက်စားအမှု အမှု ၉ မှု၊ စုစုပေါင်း အမှု ၁၂ မှုနဲ့ တရားရင်ဆိုင်နေတာဖြစ်ပြီး အဂတိအမှုတွေကတော့ ပြည်ထောင်စုတရားလွှတ်တော်မှာ ပြင်ဆင်ချက် တက်ထားပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာ အေးဇံအပေါ် စစ်ကောင်စီက နိုင်ငံ့ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၇ ရက်က ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာပါ။