Home
ဆောင်းပါး
ပလာယာကိုင်သူတွေကို သေနတ်ပြောင်းကိုင်ခိုင်းနေရတဲ့ စစ်တပ်
DVB
·
April 19, 2022
278619048_355201876664276_6348490649126062246_n

စစ်ရေးစွမ်းရည်ပျောက်ဆုံးပြီး အဘက်ဘက်က ကျဆုံးနေတဲ့ စစ်တပ်ဟာ ပညာသည်တပ် (လက်ရုံးတပ်)လို့ခေါ်တဲ့ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးက စက်ရုံလုပ်သား စစ်ယူနီဖောင်းဝတ်တွေကိုပါ တိုက်ပွဲတွေမှာ  ထုတ်သုံးလာတယ်လို့ ကြားသိနေရပါတယ်။

လက်ရုံးတပ်ဖွဲ့ဝင်တွေဟာ လူသစ် စတင်စုဆောင်းစဉ်ကာလကတည်းက စစ်မတိုက်ရပါဘူး၊ စက်ရုံအလုပ်ရုံထဲမှာ အေးချမ်းစွာ နေထိုင်ပြီး ရေ၊ မီး၊ နေစရာ အလကားအပြင် လစာနဲ့ ရိက္ခာပါရပြီး မိသားစု အိုးမကွာ အိမ်မကွာ နေရမယ်လို့  စည်းရုံးသိမ်းသွင်း လူသစ်စုဆောင်းတာ ခံရသူတွေလို့လည်း သိရပါတယ်။

ကပစ ဆိုတာ ပေါက်ကွဲစေတတ်တဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်းတွေ ထုတ်လုပ်ကြရတာဖြစ်လို့ ဆွေမျိုးတဦးဦးက တာဝန်ယူ ထောက်ခံပေးမှ ဝင်ခွင့်ရတဲ့ ကပစတပ်ဟာ နောက်ပိုင်း လူသစ် ရှားပါးလာချိန်မှာ လူရည်လူသွေးနည်းသူတွေ၊ အတန်းပညာနည်းသူတွေကို စုဆောင်းလာရပြီး တပ်ပျက် စိတ်ဓာတ်ပျက်နေခဲ့တာလည်း ကြာပြီလို့ ဆိုကြပါတယ်။

ကပစ စစ်သည်ဝန်ထမ်းတွေဟာ စစ်ရေးအတွေ့အကြုံ မရှိရတဲ့အထဲ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုကြောင့် လမ်းပေါ်လမ်းခွတွေမှာ လုံခြုံရေးတာဝန်တွေကိုပါ ထပ်ယူကြရတဲ့အခါ PDF ပြောက်ကျားတပ်ဖွဲ့တွေ့ရဲ့ အလွယ်တကူ ပစ်ခတ်ခံ သေဆုံးကြရတယ်လို့ သိရပါတယ်။

တကယ်လို့ မိမိက ပြန်ပစ်ရင်လည်း ဒေသကွပ်ကဲရေးဌာနချုပ်ရဲ့ ပစ်ခတ်ရခြင်း ခိုင်လုံကြောင်း မှတ်ချက်မရရင် ပစ်ခတ်လိုက်တဲ့ ကျည်ဆန်ဖိုး လစာကနေ အဖြတ်ခံနေရကြလို့ စိတ်ဓာတ်ကျနေကြတယ်လို့ သိရပါတယ်။

အထူးသဖြင့် တခြား ခြေလျင်တပ်သားတွေနဲ့မခြား လူသတ်ဖို့၊ ပစ္စည်းလုယူမှုတွေနဲ့ အကျင့်ပျက် ရဲ စစ်သားတွေနဲ့ တန်းတူဖြစ်လာကြတယ်လို့ ကပစ စစ်သားအိုတွေကလည်း စိတ်ပျက် ညည်းညူနေကြပါတယ်။

အရင်က မဆလခေတ်က  ကပစ ဆိုတာ ပညာအရည်အချင်း အနည်းဆုံး ၈ တန်းအောင်ပြီးမှ ဝင်ခွင့်ရသလို စက်မှုလက်မှု အ.ထ.က ဆင်း၊ အေဂျီတီအိုင်နဲ့ တခြားစက်မှုကျောင်းဆင်းတွေကို ရာထူးအမျိုးမျိုးနဲ့ စည်းရုံးသိမ်းသွင်း ခန့်ထားခဲ့ကြတာပါ။ နောက်ပိုင်း လူသစ် ရေသောက်မြစ် မရှိတဲ့အတွက် စစ်သည် အစားခန့်လို့ခေါ်တဲ့ အမျိုးသမီးတွေကိုပါ ခန့်ထားလာတာ တွေ့ရပါတယ်။

ကပစ စက်ရုံက မွေးထုတ်တဲ့ စက်မှုသင်တန်းဆင်းတွေနဲ့ စက်မှုလက်မှု ကျွမ်းကျင်သူတွေမို့ ရောက်ရာအရပ်မှာ ပန်းချီ ပန်းပု တူရိယာအတီးအမှုတ်၊ လျှပ်စစ်မီးအတွင်းပိုင်း သွယ်တန်းမှု၊ ရေစက်ပြင်၊ မီးစက်ပြင်ပေးမှုတွေကြောင့် လိုရာသုံးလို့ရခဲ့တယ်လို့ အဆိုရှိပြီး ဂုဏ်ယူခဲ့ကြသူတွေပါ။

ဆွေမျိုးပတ်ချာလည်နဲ့ တည်ဆောက်ထားပေမဲ့ ဘက်စုံရတဲ့ စစ်ယူနီဖောင်းဝတ် စစ်သား အလုပ်သမား၊ စက်ရုံဝန်ထမ်းတွေအဖြစ် လူသိများသူတွေမို့ လူအထင်ကြီးခံကြရတယ်လို့ ဆိုပါတယ်။

စစ်တပ်ရဲ့ ဦးရေးထောက်လုပ်ငန်းက ဦး ၅ ဌာနစိတ်ဟာ စည်းရုံးရေးလုပ်ဆောင်ရတဲ့ ဌာနစိတ်မို့ တပ်တွင်းစည်းလုံးမှုနဲ့ တပ်ပြင် ထိစပ်ကျေးရွာတွေကို စည်းရုံးရေးလုပ်ရင်း မဆလပါတီကို ဝန်းရံတဲ့ ဌာနစိတ်လို့ ပြောရင်မမှားနိုင်ဘူးလို့ ဆိုပါတယ်။

တပ်အပြင်ထွက်တာနဲ့ “ဦး ၅ လုပ်ကြနော်၊ ရေး ၃ စပ်မလာနဲ့” လို့ ဆရာတွေ၊ စီနီယာတွေက မှာစမြဲလို့ ဆိုပါတယ်။ ရေး ၃ ဆိုတာက အမှုအခင်းဖြစ်လို့ ရုံးတင်ခံရမှာကို ဆိုလိုတာလို့ သိရပါတယ်။ အခုတော့ ရေး ၃ ပဲ လုပ်ခဲ့ကြဦး၊ ၅ မလုပ်နဲ့လို့ ပြောသလိုပဲလို့ ဆိုပါတယ်။

ကာကွယ်ရေးပစ္စည်းစက်ရုံတွေဟာ ၁၉၅၈ နှစ်စမှာ ကပစရယ်လို့ ဘီအီးအမ်အီးတပ်မှာ စတင်ခဲ့ပြီး ဗိုလ်မှူးမောင်မောင်ခ (နောင် နိုင်ငံတော်ဝန်ကြီးချုပ်)က ဦးဆောင်ခဲ့တယ်လို့ အသက် ၈၅ နှစ်ဝန်းကျင် ကပစ စစ်သားအိုကြီးတဦးက ပြောပါတယ်။ 

“ကပစရဲ့ သင်္ကေတက လက်မောင်းအမှတ်တံဆိပ်က တူနဲ့ ပလာယာ”လို့ အဲဒီ ကပစ ဝန်ထမ်းဟောင်းကြီးက ပြောပါတယ်။

ကပစ စက်ရုံတွေအတွက် အနောက်ဂျာမနီနဲ့ ချိတ်ဆက်ဖို့ဆိုပြီး နိုင်ငံခြားရေးဝန်ကြီး ဦးသီဟန်က အဝယ်တော်လို့ ဆိုပါတယ်။ ဗိုလ်မှူးမောင်မောင်ခ လက်ထက် ၁၉၅၈ နှစ်လယ်လောက်မှာ အခုလက်မောင်းတံဆိပ်ဖြစ်တဲ့ အဝါ အနီ အောက်ခံထောင့်ဖြတ်မှာ ပင်နယန်အနက်ရောင်ကို ပြောင်းလဲခဲ့တာလို့ ဆိုပါတယ်။

အဝါရောင်က ပေါက်ကွဲစေတဲ့ ယမ်းကို ကိုယ်စားပြုပြီး အနီရောင်က ရဲရင့်ခြင်းဖြစ်ကာ ခွေးသွားစိပ် ပင်နယန်က စက်မှုကို ကိုယ်စားပြုတယ်လို့ ဆိုပါတယ်။

အဲဒီတုန်းက ဂျပန်နိုင်ငံနဲ့ အနောက်ဂျာမနီနိုင်ငံတွေက ပညာရှင်တွေ စက်ပစ္စည်းတွေနဲ့ လည်ပတ်ခဲ့ကာ ကပစ တပ်ဖွဲ့ရဲ့ အထိမ်းအမှတ်အလံကိုတောင် ဂျာမနီနိုင်ငံ အလံပုံစံတူလို့ ဆိုပါတယ်။

”၁၉၅၈ ပေါ့။ ၁၁ လပိုင်းမှာ တို့ မင်္ဂလာဒုံမှာ အခြေခံစစ်သင်တန်းတက်နေပြီ အဲဒီအချိန်မှာ ဘက်ပေါ့လက်မောင်းတံဆိပ် ပြောင်းလိုက်တာ ကပစ ၁ တခုပဲ ရှိသေးတာ။ ၂ တို့ ၃ တို့အတွက်တော့ ဗိုလ်မှူးကြူပိုးတို့ မြေနေရာကြည့်နေပြီ” လို့ အသက် ၈၄ နှစ်အရွယ် အရာခံဗိုလ်အဖြစ်ကနေ အငြိမ်းစားယူခဲ့သူ ကပစ စစ်သားအိုကြီးက ပြောပြပါတယ်။

ကပစ စက်ရုံအတွက် လူသစ်စုဆောင်းမှုမှာ အပြင်လောကရဲ့ ဝပ်ရှော့တွေ ဘိုးနပ် ဘယ်ရစ် ညာရစ်လောက် သိရင်ကိုပဲ စစ်မတိုက်ရဘူး။ ရေ မီး ဖရီးဟလို့ဆိုကာ အတင်းဆွဲဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

“ပုံစံပေးရင် ဂြိုဟ်တုတောင် လုပ်ပေးနိုင်တဲ့ အရာခံဗိုလ်တင်လှ ဆိုတာ ရှိတယ်။ ဗိုလ်ပေါက်စတွေက သူ့လက်အောက်မှာ သူက ဆရာကြီး။ ဟိုတုန်းက ပုဇွန်တောင် ကြက်တန်းက စက်မှုနဲ့ အသက်မွေးတဲ့ တွင်ခုံဆရာတွေ၊ တပည့်တွေအကုန်သိမ်းသွင်းပြီး လုပ်ငန်းစခဲ့ကြရတာ”လို့ ထိုစစ်သားအိုကြီးက ပြောပြပါတယ်။

အဲဒီတုန်းက  ဘီအက်စီ အင်ဂျင်နီယာတွေ အများစုက ဦးဆောင်ခဲ့ကြပြီး ကပစနဲ့ တွဲဘက်ဖွင့်တဲ့ အကြီးစား စက်မှုလက်မှုလုပ်ငန်းကော်ပိုရေးရှင်းကြီး ပေါ်လာချိန်ကစလို့ ဝန်ကြီးမောင်ချိုက မဆလ တခေတ်လုံး ကိုင်တွယ်ခဲ့တာလို့ သိရပါတယ်။

အကြီးစားလုပ်ငန်းကို အတိုကောက်က စလလို့ ခေါ်တဲ့လုပ်ငန်းက ဘလိတ်ဓား၊ ဇွန်းခက်ရင်း ပေါက်ပြား စတင်ထုတ်လုပ်ပြီးနောက်မှ ရေဒီယို၊ မီးသီး၊ မီးချောင်း၊ ဓာတ်ခဲတွေ ထုတ်လုပ်တယ်လို့ ဆိုပါတယ်။

“နေရှင်နယ်ဓာတ်ခဲ မောင်ဗမာစက်ဘီးလည်း ထုတ်တယ်။ ဒါပေမဲ့ မဲမပေါက်လို့ မစီးခဲ့ရဘူး၊ အရာခံဗိုလ်ဖြစ်မှ ရုံးသုံးမောင်ဗမာ စက်ဘီးလေး စီးရတယ်” လို့ ပင်စင်စားအဘိုးအိုက ပြောပါတယ်။

မိုးလုံလေလုံ စက်ရုံတွေ စတိုတွေထဲက ကပစ စစ်သားတွေနဲ့ စစ်သည်အစားခန့် အရပ်သားဝန်ထမ်း အမျိုးသမီးတွေဟာ ပိတ်ရက်မရှိ စနေ၊ တနင်္ဂနွေ မရှိ အလှည့်ကျ အဆိုင်းနဲ့ လုပ်ငန်းပေါ် မူတည်ပြီး ညှိနှိုင်းနားခဲ့ရပါတယ်။

အဲဒီလို နားရက်မရှိ အခြေအနေဖြစ်နေပေမဲ့ အခြေခံအလုပ်သမားအခွင့်အရေး၊ ဝန်ထမ်းအခွင့်အရေး၊ လူ့အခွင့်အရေး ဆုံးရှုံးခံနေရတာကို မသိကြဘူးလို့ ဆိုပါတယ်။

လူ့အခွင့်အရေးဆိုလျှင် အနောက်နိုင်ငံက သိမ်းပိုက်ချင်လို့ ထွင်ထားတဲ့ စကားလုံးအဖြစ်သာ သိကြတယ်ဆိုတာကို ဒီမိုကရေစီနိုင်ငံတွေမှာ စက်မှုခဲယမ်းပညာသွားသင်ဖူးတဲ့ အကြပ်ကြီးနဲ့ အရာခံဗိုလ်တချို့က ဝန်ခံပါတယ်။

“ဘယ်မှမသွားရဘဲ စက်ရုံထဲမှာ နေ့ ည အလုပ် လုပ်နေရတာ ၂ လလောက် လိုင်းခန်းအိမ် မပြန်နိုင်ဘူး။ အိမ်နဲ့ စက်ရုံ ၂ မိုင်ပဲ ဝေးတာ။ စစ်သား ၂၄ နာရီ တာဝန်ဆိုတာနဲ့ ရောချခံရတယ်” လို့ အရာခံဗိုလ်တဦးက ပြောပြပါတယ်။

လုပ်သားအခွင့်အရေးမျိုး အသာထား၊ နေ့စဉ် ကိုင်တွယ်ရတဲ့ ခဲယမ်း၊ အက်စစ်၊ ကန့်၊ ကြေး စတဲ့ Chemical (ဓာတုပစ္စည်းတွေ) ကြောင့် နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ဖြစ်ပေါ်လာတဲ့ ရောဂါဝေဒနာတွေဟာ အရပ်ထဲကဖြစ်တဲ့ သူလို ငါလိုနဲ့ အချိန်မတိုင်ခင် သေကြရသလို စနစ်ကျနတဲ့ သုတေသနနဲ့ လုပ်ငန်းသုံးအကာအကွယ် အစားအသောက်တွေ မရဘူးလို့ ဆိုပါတယ်။

“ဦးနှောက်သွေးကြောပြတ်၊ လေဖြတ်၊ အသက်ရှူလမ်းကြောင်းရောဂါတွေနဲ့ ပင်စင်သွားခါနီး သေတယ်။ ၆၅ လောက်ဆို သေကုန်ကြပြီ။ အပြင်ဆိုက်နဲ့ စတိုဆိုက်တွေကတော့ ၇၀ ကျော် နေရသား”လို့ ဆိုပါတယ်။

အရင်ကတော့ ဓာတုပစ္စည်းတွေအတွက် အကာအကွယ်ရစေတဲ့ နွားနို့၊ ဆိတ်နို့၊ ဘီစကစ်၊ ကြက်ဥ စတာတွေ လစဉ်ခွဲတမ်းရပြီး ဗိုလ်သန်းရွှေခေတ်မှာ လစာငွေအနည်းငယ်ပေးပြီး အခု မင်းအောင်လှိုင် ကာချုပ်စဖြစ်ကတည်းက သူ့ခတ်တလျှောက်လုံး လုံးလုံးမရတော့ဘူးလို့ ပြောဆိုကြပါတယ်။

အခု တတိယအကြိမ် စစ်အာဏာသိမ်းပြီးချိန်မှာ လက်နက်ငယ်ကျည်ဆန် ထုတ်လုပ်တဲ့ စက်ရုံတချို့ လုပ်ငန်းရပ်နားထားပေမဲ့ တနှစ်ကို  ၅ ဒသမ ၅၆ ကျည် ၉ သိန်း နှစ်ချီပြီး ထုတ်လုပ်ထားပြီးဖြစ်လို့ ကျည်ဆန်အတွက် ပူရာမလိုဘူးလို့ စီမံရေးဌာနတာဝန်ခံ အခြားအဆင့်တဦးက ပြောပါတယ်။

ဒါကြောင့်လည်း အပြင်မှာ စစ်သားတွေ ထုတ်သုံးနေကြသလို အပြင်စစ်ကြောင်းလိုက်ချင်သူက များနေတယ်လို့ ဆိုပါတယ်။

“အပြင်လိုက်ရတော့ ငွေရွှင်တယ်။ ကားတစီး တထောင်ပဲ ထား၊ အဆင်ပြေနေပြီ။ ဒါကြောင့် ဌာနတာဝန်ခံကို အရက်အကောင်းစားတလုံးနဲ့ လာဘ်ထိုးပြီး သူ့နာမည်စာရင်းပေးသွင်းစေခဲ့တယ်” လို့ ပြောဆိုပါတယ်။

သူ့ကဲ့သို့ ကပစ စစ်သားရှိသလို လူစိတ်ရှိတဲ့ ကပစ စစ်သားတယောက်အကြောင်းလည်း တပ်ကြပ်ကြီးတယောက်က ပြည်မြို့က ဖြစ်စဥ်တခုကို ကြေကွဲစွာ ပြောပြပါတယ်။

ဖြစ်စဥ်အရ ပြည်မြို့မှာ ကျောင်းသားတယောက်ကို ပစ်ခတ်ဖမ်းဆီးပြီး ဝိုင်းဝန်းရိုက်နှက်ကာ နွေနေပူပူမှာ ကတ္တရာလမ်းမှာ ဖိနပ်မပါဘဲ လမ်းလျှောက်ခေါ်လာစဥ်က ဖြစ်တယ်လို့ ဆိုပါတယ်။

“ကောင်လေးက သနားလို့ အဲဒီကျောင်းသားကို သူ စီးလာတဲ့ ဖိနပ်ချွတ်ပေးတာ။ အဲဒါကို ခြေလျင်က ကောင်တွေမြင်တော့ အရာရှိက ပါးရိုက်၊ ကျန်တဲ့ကောင်တွေက ဝိုင်းထိုးဝိုင်းကန်ကြတာ စစ်သားချင်း လုပ်တာ။ အခု အဲဒီရဲဘော်လေး တပ်ပြန်ရောက်ပြီး မကြာဘူး ပြေးပြီ”လို့ ပြောပါတယ်။

အခုအခါမှာ ကပစ တပ်ပေါင်း ၂၅ အထိ ရှိလာပေမဲ့ အင်အားအရ စစ်သည်မရှိပေမဲ့ အစားခန့် အမျိုးသမီးအင်အားတော့ များတယ်လို့ သိရပါတယ်။

ပစ္စည်းထုတ်လုပ်မှု ရပ်နားစဥ်မှာ ဂိတ်လုံခြုံရေးယူရတာကို သဘောကျနေချင်ကြပြီး စစ်ဆင်ရေး စစ်ကြောင်း တောတိုးဖို့အတွက်တော့ ကြောက်ကြတယ်လို့ ဆိုပါတယ်။ အကြောင်းရင်းကတော့ အခြေခံစစ်ပညာ လေးလခွဲပြီးရင် ကပစ အားလုံးအတွက် ဖွင့်ထားတဲ့ ထုံးဘိုမြို့နားက ပျဥ်ကြီးမှာ စက်မှုနဲ့ပတ်သက်တဲ့ သင်တန်းကျောင်းတခုမှာ စက်မှုနဲ့ပတ်သက်တဲ့ အခြေခံသင်တန်းတွေကို လပိုင်းအနေနဲ့ ဆက်ပေးတယ်လို့ သိရပါတယ်။

စစ်ဆင် စစ်တိုက်ဖို့ အရေးပါတဲ့ တပ်စိတ် တပ်စု စတဲ့ တိုက်စစ်ချီတက်ပုံ စတာတွေ သင်ရဖို့ အသာထား၊ အခြေခံမှာ အရေးပါတဲ့ ကိုယ်စီသင်ခန်းစာကိုတောင် သဘောလောက်ပဲ သင်ရကာ ခြေလျင်စစ်သား ဆိုလျှင်တော့ ဖင်ကြားချွေးပြန်အောင် ကျေညက်အောင် သင်ရတဲ့ သင်ခန်းစာလို့ ဆိုပါတယ်။

အဲဒီလို စစ်ပညာ သင်ခဲ့ရတဲ့ ကပစ စစ်သားတွေဟာ စစ်အာဏာသိမ်းပြီးကာလမှာ လမ်းဆုံလမ်းခွနဲ့ အညာဒေသဘက်တွေမှာ လုံခြုံရေးယူ စစ်ကြောင်းထွက်ရတဲ့အခါ အိုးနင်းခွက်နင်း ပြေးကြရသလို အလွယ်တကူ သေနေကြရတယ်လို့ အကြပ်ကြီးတယောက်က ထောက်ပြပါတယ်။

”ကပစ ၁၂ ကနေ ၂၄ ပို့တဲ့ ကြီးကြပ်ကန့်သတ်ပစ္စည်း တွဲကား သုံးစီးနဲ့ ဗိုလ်ကြီး အပါအဝင် ၇ ဦး အလွယ်တကူ သေရတာ ကြည့်လေ၊ နဂိုကမှ လူမရှိလို့ စစ်သည် အစားခန့် မိန်းမတွေ ခန့်နေရတာ စစ်သားက ကုန်မှာပဲ”လို့ အဆိုပါတပ်ကြပ်ကြီးက ပြောပါတယ်။

ကပစတပ်အများစုဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းကို အဓိက နေရာယူ တည်ထားကြပြီး တခြားနေရာက ကပစတပ်တွေဟာ စစ်လက်နက်အတွက် သိပ်အရေးမကြီးဘဲ ပံ့ပိုးစက်ရုံတွေအဖြစ် တနိုင်ငံလုံးနီးပါးရှိနေကာ အဓိကစက်ရုံတွေက ဧရာဝတီမြစ်အနောက်ဘက်မှာပဲ ရှိတယ်လို့ စုံစမ်းသိရပါတယ်။

ဒါကြောင့် မြေယာသိမ်းခံ၊ ရွာအသိမ်းခံရတဲ့ ပြည်သူတွေဟာ နွေဦးတော်လှန်ရေးမှာ ကိုယ်တိုင်ပါဝင်နေပြီး လက်နက်ကိုင်ကာ သူတို့ဒေသ သူတို့မြေကို ကျွမ်းကျင်စွာ လှည့်ပတ်တိုက်ခိုက်နေကြပါတယ်။ တပ်နဲ့ အနီးဆုံး အဝန်းအဝိုင်းထဲက ရွာတချို့ ပြည်သူတွေကတော့ လှုပ်မရလို့ ဣန္ဒြေမပျက် နေကြရတယ်လို့ သိရတယ်။ နဂိုစိတ်အခံဆိုးညံ့တဲ့ ပညာအရည်အသွေးနည်းသူတွေကြောင့်လည်း ကပစ အမည်ပိုပျက်ရတယ်လို့ ဆိုကြပြန်ပါတယ်။

“ဟုတ်တယ်။ ကျနော်က ဆဋ္ဌမတန်းကို အဋ္ဌမတန်းလို့ ဆရာကြီးက ပြင်ပေးပြီး ခေါ်လို့ လိုက်လာတာ မရှက်ပါဘူး။ အမှန်ပဲ၊ အခု ကားတွေ ဝှီးတက်လိုင်စင်စစ်တာ၊ ရဲစစ်တာကြည့်ပြီး မှတ်ထားတာ ဒိတ်ကျော်တာ ဘာညာရစ်နည်းတတ်တော့ ဂိတ်မှာ လက်မလွှတ်ဘူး။ ဗိုလ်ကြီးက အေးဆေးအိပ်နေရုံပဲ။ ကျနော်လည်း နည်းနည်းတော့ ဘတ်တာပေါ့ ဟဲ ဟဲ” ဟု ၂၅ နှစ်အရွယ် စစ်သားတဦးက ပြောပါတယ်။

တပ်ထဲမှာနေစဥ်က လစာကို အမြီးဖြတ် ခေါင်းဖြတ်နဲ့ တကိုယ်ရေစာတောင် မလောက်ခဲ့ဘဲ အခု ဂိတ်ထိုင်ချိန်မှာ ဘာကားလာလာ တထောင်နှုန်း စာရင်းရေးရုံနဲ့ တနေ့ကို ၁ သောင်းလောက် ခိုင်ပြီး အရက်နဲ့ ရိက္ခာက ဟင်းကောင်းအလျှံပယ်စားရသလို သစ်ကား၊ မီးသွေးကားတွေအတွက်ကတော့ ဗိုလ်ကြီးနဲ့ တိုက်ရိုက်ချိတ်ဆက်ကြတာ။ ဘယ်လောက်ရသလဲ မသိရဘူးလို့ ဆိုပါတယ်။

သူတို့ နေ့စဥ်ရတဲ့အထဲက ဝေစုမခွဲခင် ဗိုလ်ကြီးအတွက် ၅ သောင်းဖယ်ပြီးမှ နေ့စဥ် အရက် ဘီယာ အမြည်း ထမင်း ဟင်းဖိုး ဖယ်ပြီး ကျန်တဲ့အထဲက တယောက် တသောင်း၊ ဆရာကြီးက တသောင်းခွဲ ဝေစုမီအောင် ရှာကြရတယ်လို့ ဆိုပါတယ်။  ဒီနည်းပညာကို ရဲတွေနဲ့ အတူ ဂိတ်ထိုင်ရစဥ်က ရခဲ့ကာ အခုတော့ ဂိတ်ခွဲလိုက်တယ်လို့ ဆိုပါတယ်။ 

တပ်အပြင်ကို မလိုက်လိုတဲ့ စစ်သည်နဲ့ ဆရာတချို့လည်းရှိပြီး သူတို့ရဲ့ တပိုင်တနိုင် ကြက်၊ ဝက် မွေးမြူရေးမှာပဲ အချိန်ပြည့် အားထည့်နေကြသလို မနှစ်မြို့တဲ့ အမူအရာတွေကိုလည်း မြင်ရတယ်လို့ တပ်ပြင်နေထိုင်ခွင့်နဲ့ နေထိုင်တဲ့ တပ်ကြပ်တဦးရဲ့ အမျိုးသမီးတဦးကပြောပါတယ်။

“ကျမတို့ကတော့ တပ်ပြင်နေထိုင်ခွင့်နေကြတာဆိုတော့ ယောကျ်ားကို အပြင်မလိုက်စေချင်ဘူး။ သူများဟာလည်း မမက်ပါဘူး။ မြင်နေ ကြားနေရတာ စိတ်မချမ်းသာပေမဲ့ တပ်က ဇွတ်ထွက်ဖို့ဆိုတာ စိတ်ကူးတောင်မကူးရဲဘူး။ တဆွေလုံး တမျိုးလုံးက ဒီမှာ ဒီရွာသူ ဒီရွာသားတွေ ဖြစ်နေတော့ ခက်သား”လို့ ကပစ တပ်အနီး ကျေးရွာက စစ်သားအမျိုးသမီးတဦးဖြစ်သူ ကျောင်းအကူလုပ်သားက ပြောပါတယ်။

သူကပဲ ဆက်ပြောတာက “စစ်ကြောင်းလိုက်ရရင် ပိုက်ဆံတအားရတယ် ပြောကြတယ်။ လုံခြုံရေးပါတဲ့ လူတွေကတော့ ငွေရွှင်နေကြတာ ပြုံးပျော်နေရောပဲ။ သူတို့တွေက စစ်သားသမီးတွေ တပ်ထဲပြန်ဝင်ပြီး ညားကြတာတွေ။ အပြင်လောကအကြောင်း မသိကြဘူး။ အဟုတ်ထင်နေကြတယ်” လို့ ဆိုပါတယ်။

အရင်က ချစ်ခင်သူပေါတဲ့ ကပစဟာ အာဏာသိမ်းပြီးချိန်မှာ လူမုန်းပိုများလာတယ်လို့ ကပစထွက်တွေက သုံးသပ်ကြသော်လည်း တကယ်က ကပစ စက်ရုံတွေကို ပြည်သူလူထု မုန်းတီးလာတာဟာ ၂၀၂၁ အာဏာမသိမ်းခင်ကတည်းက ဖြစ်ပြီး အဓိကအကြောင်းအရာကတော့ စက်ရုံ တည်ဆောက်ဖို့ လိုအပ်တဲ့ပမာဏထက် လွန်စွာပိုတဲ့ ပြည်သူတွေရဲ့ မြေယာတွေကို ငွေကြေးမပေးဘဲ အတင်းအဓမ္မ သိမ်းယူမှုကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ရွာလုံးကျွတ် တပ်မြေအဝိုင်းထဲ ပါသွားပြီး တောင်သူတွေရဲ့ အစဉ်အဆက်လမ်းကို အပိုင်စီးပြီး တပ်ပိုင်ဂိတ်လုပ်ကာ ကင်းအထပ်ထပ်နဲ့ ဆိုင်ကယ်ဆင်းတွန်းရတဲ့ ဒုက္ခဟာ ဆယ်စုနှစ်ပေါင်း ၃၀ မကတော့သလို တခြားက ဆွေမျိုးသားချင်းလာလို့ဖြစ်စေ၊ အလှူမင်္ဂလာဆောင်ဖြစ်စေ၊ လွတ်လပ်စွာ မနေရ မလုပ်ရဘဲ ဂိတ်အထပ်ထပ်မှာ မှတ်ပုံတင်ယာဉ်မောင်းလိုင်စင်ထားခဲ့ရတာမျိုးက အစ လူ့အခွင့်အရေးအမျိုးမျိုး ချိုးဖောက်ခံရတယ်လို့ တောင်သူတွေက ပြောပါတယ်။

“ရွာနာတယ်။ ဘယ်ကဟာတွေမှန်း မသိ၊ ကလေကဝ စိတ်ဓာတ်နဲ့ ကောင်တွေ တချို့ ရုပ်ရည်လေးတွေ သန့်တော့ ရွာကအပျိုနဲ့ ညား၊ ရွာထဲ စစ်သားရောက်၊ မူးရူး သတ်ပစ်မယ် ပါးရိုက်လို့ ရတယ်နဲ့ စစ်တပ် ရွာနား လာတည်ရင် ရွာနာတယ်၊ မြေယာကအစ အကုန်သိမ်းတာ။ ဘာတပ်မှ ရွာနားမရှိစေချင်ဘူး”လို့ ပန်းတောင်းမြို့နယ်ထဲက ကပစအနီး ရွာသားတဦးက ပြောပါတယ်။

တပ်နဲ့နီးစပ်ရာက ထိုင်း၊ မလေး မသွားနိုင်သူတွေ ငယ်ငယ်နဲ့အရက်စွဲသူတွေ ရပ်ရွာထဲ ပြောဆိုဆုံးမ မရသူတွေ ကပစ ထဲဝင်ကာ စစ်သားဖြစ်လာချိန်နဲ့ အာဏာသိမ်းချိန် တိုက်ဆိုင်ပြီး မြင်း ချိုတပ်ပေးသလို ညှာတာမှုမဲ့ကာ အကြောင်းမဲ့ လူသတ်ဖို့ စဉ်းစားနေကြတယ်လို့ ဆိုပါတယ်။

လုပ်သက် ၅ နှစ်ရှိ  စစ်သားတဦးက “ပစ်မိန့်အနေနဲ့ အထူးတောင်းနေစရာမလိုဘဲ မသင်္ကာရင် ပစ်ဖို့၊ အသေပစ်ဖို့၊ မသေမရှင် စကားပြန်မပြောဖို့ လိုတယ်၊ ပစ်လို့ အမိန့်ပေးထားတာ။ ဒီမှာတော့ ပစ်ချင်နေတာတောင် ပစ်ရမယ့်လူမရှိဘူး။ ခိုင်းတဲ့အတိုင်း လုပ်ကြတယ်။ သေနတ်ကိုင်ရတုန်း တယောက်လောက်တော့ အသေပစ်ချင်သေးတယ်”လို့ ပြောပါတယ်။

အဲဒီလို ပြောဆိုတဲ့ စစ်သားဟာ သူ့ရဲ့ဇာတိရွာဟာ တပ်အဝိုင်းထဲ ကျရောက်နေပြီး လယ်ယာမြေ တချို့ ပုံစံ ၇ ထုတ်ယူခွင့်မရှိဘဲ တရွာလုံး အသိမ်းခံထားရတဲ့ ရွာသားတဦးဖြစ်ကာ မူလတန်းအောင် ပညာရေးနဲ့ တပ်စည်းရုံးရေးဆိုကာ တပ်ထဲရောက်လာသူ ဖြစ်တယ်လို့ ဓာတ်သိတွေက ပြောပါတယ်။ 

၁၉၅၉ လောက် ကပစ ၃ နဲ့ ၁၉၆၉ မှာ တည်ထောင်တဲ့ ကပစ ၆ တို့မှာ မြေရှင်းစဉ် ကာလကတည်းက ပါဝင်တဲ့ အသက် ၈၄ နှစ်အရွယ် အရာခံဗိုလ်ဟောင်း စစ်သားအိုကြီးကတော့ အနောက်ရိုးမတောင်တန်းပေါ် မေးတင်နေတဲ့ နေလုံးကြီးကို ငေးကြည့်ရင်း  စက်ကိုင်အော်ပရေတာ ပလာယာကိုင်တွေကို သေနတ်ကိုင် စစ်တိုက်နေရတဲ့အဖြစ်ကို သက်ပြင်းအခါခါချရင်း တောင်စွယ်မှာ နေကွယ်ခဲ့ပြီ။

ဒေးဗစ်ထန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024